ပြီးခဲ့သောနှစ် အောက်တိုဘာလက ဖြစ်သည်။ တရုတ်နိုင်ငံ၏ မြို့တော် ဘေဂျင်းရှိ သမိုင်းဝင် အထင်ကရ နေရာတစ်ခုဖြစ်သော တိန်ယန်မင် ရင်ပြင်တွင် အရုပ်ဆိုး အကျည်းတန်သော ကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးကာ လူ ၄၀ နီးပါး ဒဏ်ရာရသွားခဲ့သည်။

ထိုအကြမ်းဖက် တိုက်ခိုက်မှု၏ လက်သည် တရားခံမှာ တရုတ်နိုင်ငံ အနောက်ပိုင်းမှ အစွန်းရောက် အစ္စလာမ် ဘာသာဝင်များ ဖြစ်သည်ဟု တရုတ်အစိုးရက ကြေညာခဲ့သည်။ ထိုအချိန်မှာပင် နိုင်ငံတကာ သတင်းဌာနများက အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ခဲ့သူများ၏ ဇာတိမြေ အကြောင်းကို မီးမောင်းထိုး ဖော်ပြလာခဲ့ကြသည်။ ထိုဒေသသည်ကား ၁၉၅၀ ခုနှစ်မှ စတင်ကာ တရုတ်ကွန်မြူနစ် ပါတီ၏ ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့သော မွတ်ဆလင် ဘာသာဝင်ပေါင်း ၉ သန်းကျော် နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ရှင်ကျန်းအူဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လေသည်။

နောက်ပိုင်းတွင် သတင်းစာများက အူဂါခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အရှေ့တာကစ္စတန် အစ္စလာမ္မစ်တပ်ဖွဲ့ (East Turkestan Islamic Movement) အကြောင်းနှင့် အူဂါ ဆန့်ကျင်သူများ အရေးအပေါ် တရုတ်အာဏာပိုင် တို့၏ လတ်တလော တုံ့ပြန်ဆောင်ရွက်ချက်များ အကြောင်းတို့ကို အသားပေး ဖော်ပြလာခဲ့ကြသည်။ ထို့ပြင် သတင်းထောက်များကလည်း တိန်ယန်မင်ရင်ပြင် သွေးစွန်းရမှုတွင် ဘာသာရေး အစွန်းရောက်များနှင့် အမျိုးသားရေးဝါဒီ လူမျိုးစု လက်နက်ကိုင်များအနက် မည်သူ့တွင် တာဝန်ရှိသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။ သို့သော် တရုတ် အနောက်ဘက်ဒေသ အရေးနှင့် ပတ်သက်၍ မီဒီယာများ၏ စူးစမ်းမှုမှာ ထိုမျှနှင့် ရပ်မနေဘဲ တရုတ်ကွန်မြူနစ် ပါတီအနေဖြင့် ရှင်ကျန်း ဒေသကို စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာ၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထည့်သွင်း မတည်ဆောက်နိုင်ခဲ့သည့် အကြောင်းများကိုပါ သုံးသပ် ရေးသား လာကြတော့သည်။

ရှင်ကျန်းဒေသ၏ လတ်တလော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်မှာ ဗဟိုအစိုးရနှင့် အူဂါ ဒေသခံတို့ချည်းပဲ မဟုတ်ချေ။၂၀၁၀ ခုနှစ်တွင် ရှင်ကျန်းဒေသ ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် စတင် တာဝန် ထမ်းဆောင်သော ကျန်ချွမ်းရှင် လက်ထက် ဟန်လူမျိုး ပြောင်းရွှေ့အခြေချသူများနှင့် ဒေသတွင်း အစိုးရအဖွဲ့၏ ပတ်သက် ဆက်နွှယ်မှုမှာလည်း ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်ရသည့် အဓိက အကြောင်းအရင်း တစ်ရပ် ဖြစ်သည်။

၂၀ ရာစုအတွင်းက ရှင်ကျန်း အူဂါ ဒေသကို အူဂါလူမျိုးများကသာ အဓိက ကြီးစိုးထားခဲ့ပြီး အူဂါလူမျိုး အများစု၏ စိတ်ထဲတွင် ထိုအချိန်ကာလက ဒေသတွင်း ၌ ၎င်းတို့ သြဇာကြီးမားခဲ့ပုံကို စွဲထင် ကျန်ရစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း၌ ဟန်လူမျိုး ပြောင်းရွှေ့အခြေချသူ များ တစစ တိုးတက် များပြားလာသောအခါ တွင် မူလဒေသခံ အူဂါလူမျိုးများ၏ ရင်ထဲတွင် ဒေသတွင်း၌ ဟန်လူမျိုးများ ကြီးစိုးသွားမည်ကို စိုးရိမ်သည့် အကြောက်တရားများ တိုးပွားလာခဲ့သည်။ ထို့ပြင် ဗဟိုအာရှ၌ အစွန်းရောက် မွတ်ဆလင်တို့၏ ဘာသာရေး စစ်ပွဲဆင်နွှဲရေး အတွေးအခေါ်များကလည်း အရှိန်အဟုန် မြင့်တက်လာသဖြင့် ရှင်ကျန်း အူဂါဒေသတွင် အူဂါလူမျိုးတို့၏ ဆူပူအုံကြွမှုများ ပိုမို များပြား လာတော့သည်။

၁၉၉၄ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အထိ ရှင်ကျန်း အူဂါဒေသ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သော ယမ်လီကွမ် လက်ထက်တွင် အူဂါ လူမျိုးတို့၏ ဆန့်ကျင်မှုများကို တားဆီးရန်အတွက် တင်းကျပ်သော မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်ခဲ့သည်။ သို့သော် ဟန်တို့နှင့် အူဂါတို့အကြား တင်းမာမှုများမှာ မလျော့ကျသွားဘဲ ပိုမို မြင့်တက်လာခဲ့ကာ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် အဓိကရုဏ်းကြီး ဖြစ်ပွားပြီး နှစ်ဖက် လူမျိုးစုများကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားသည့် အဆင့်အထိ ရောက်ရှိသွားခဲ့သည်။ ထိုအဓိကရုဏ်း၏ အကျိုးဆက်အနေဖြင့် ဝမ်လီကွမ်မှာ ဒေသတွင်း၌ သြဇာ ကျဆင်းသွားခဲ့သလို ၂၀၁၀ ပြည့်နှစ် အရောက်တွင် ရာထူးမှပါ ထုတ်ပယ် ခံလိုက်ရတော့သည်။

ဝမ်လီကွမ်၏ နေရာတွင် တာဝန်ပေးအပ်ခြင်း ခံရသော ကျန်ချွမ်းရှင်ကမူ ရှင်ကျန်း အူဂါဒေသကို တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု တရုတ်အရေး လေ့လာစောင့်ကြည့်သူ အများအပြားက မျှော်လင့်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျန်ချွမ်းရှင်သည် ထိုအချိန်က ကွန်မြူနစ်ပါတီ အတွင်း၌ အထူးတလည် နာမည်ကောင်း ရနေသူတစ်ဦး ဖြစ်သည့်အပြင် ဟူနန်ပြည်နယ်ကို စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင် ခဲ့သူလည်း ဖြစ်နေသောကြောင့် ဖြစ်သည်။

ကျန်ချွမ်းရှင်သည် တရုတ် နိုင်ငံရေးသမားများထဲတွင် မီဒီယာများနှင့် အထိအတွေ့ အများဆုံး နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး သူ၏ဇနီးမှာလည်း နိုင်ငံပိုင် ရုပ်သံဌာနမှ လူသိများသော သတင်းကြေညာသူ တစ်ဦးဖြစ်သည်။ ထို့ပြင် ကျန်ချွမ်းရှင်သည် သတင်းစာ ရှင်းလင်းပွဲများတွင် အခြားနိုင်ငံရေးသမားများ အမေးမခံသော မေးခွန်းများကို လက်ခံ ဖြေကြားလေ့ရှိပြီး သူနှင့် သူ့ မိသားစု၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော် ကြေညာရန်လည်း ဆန္ဒရှိသူ ဖြစ်သဖြင့် တရုတ် နိုင်ငံသား အများစု၏ ယုံကြည်ကိုးစားခြင်းကို ခံရသူလည်း ဖြစ်သည်။

ကျန်ချွမ်းရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် ရှင်ကျန်း အူဂါဒေသကို စတင် တာဝန်ယူပြီးသည့် နောက်တွင် လူဦးရေ ထိန်းချုပ်မှုစနစ် ကြေညာခြင်း၊ အူဂါလူမျိုးများ၏ နေအိမ်များကို သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးခြင်း၊ အကျင့်ပျက် လာဘ်စားမှုများ တိုက်ဖျက်ရန် လုပ်ဆောင်ခြင်း အစရှိသည့် ဒေသခံ အူဂါ လူမျိုးများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အားတက်စေမည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သည်။

သို့သော် ကျန်ချွမ်းရှင်၏ လုပ်ဆောင်ချက်များမှာ အူဂါ လူမျိုးတို့၏ အဓိက မကျေနပ်ချက်များကိုမူ ချေဖျက်ပေးနိုင်ခဲ့ခြင်း မရှိဘဲ အူဂါလူမျိုး အများစုမှာ ၎င်းတို့၏ ဘာသာရေးနှင့် ဘာသာစကားမှာ ကျူးကျော် တိုက်ခိုက်ခြင်း ခံနေရသည်ဟု ဆက်လက် ယူဆခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျန်ချွမ်းရှင်၏ လက်ထက်တွင် ဒေသတွင်း အစိုးရအဖွဲ့က ဗလီတက်နိုင်သည့် အသက်အရွယ်ကို ကန့်သတ်လိုက်ပြီး အာရပ် ဘာသာစကားဖြင့် လမ်းညွှန်ချက် ရေးသားမှုများကို တားမြစ်ခဲ့သည့်အပြင် မွတ်ဆလင် ဘာသာဝင်များ ဥပုသ်လအတွင်း ဥပုသ်စောင့်ရာ၌ ခက်ခဲအောင် လုပ်ဆောင်ခဲ့သော ကြောင့်ဖြစ်သည်။

ဘာသာစကား နှစ်မျိုးဖြင့် သင်ကြားသော ပညာရေးစနစ်မှာလည်း အူဂါလူမျိုးကို အလုပ်အကိုင် အခွင့်အလမ်း တိုးတက်အောင် လုပ်မပေးနိုင်ခဲ့သည့်အပြင် အူဂါလူမျိုးများ၏ စိတ်ထဲတွင် ဒေသတွင်း အစိုးရအဖွဲ့က ၎င်းတို့၏ ဘာသာစကား ပျောက်ကွယ်သွားအောင် ပြုလုပ်နေသည်ဟုပါ အထင်ရောက်သွားစေခဲ့သည်။ ထို့ပြင် ကျန်ချွမ်းရှင်၏ မူဝါဒများကြောင့် ရရှိလာ သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို အဓိက ခံစားရသည်မှာ ဟန်လူမျိုးများသာ ဖြစ်ခဲ့ပြီး အူဂါလူမျိုးများမှာမူ စီးပွားရေး အခြေအနေ နိမ့်ကျမှုများနှင့် ဆက်လက် ရင်ဆိုင်ခဲ့ရပြီး အဓိကရုဏ်းများလည်း ဆက်လက် ဖြစ်ပွားခဲ့သည်။

ထို့ထက်ပို၍ ကံဆိုးသည်မှာ ကျန်ချွမ်းရှင်၏ လက်ထက်တွင်လည်း ရှင်ကျန်းဒေသရှိ ဟန်လူမျိုးများက အစိုးရက ၎င်းတို့၏ လိုအပ်ချက်များကို အာရုံစိုက် ထောက်ပံ့ပေးခြင်း မရှိဟု ဆက်လက် ယူဆနေကြခြင်းပင် ဖြစ်သည်။ ဟန်လူမျိုးများက အစိုးရ အပေါ်မကျေနပ်ရခြင်းမှာမူ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို အူဂါလူမျိုးများက လိုက်နာစရာ မလိုခြင်းနှင့် အမှတ် သတ်မှတ်ချက် မတူညီမှုကြောင့် အူဂါ ကျောင်းသားများမှာ ဟန်ကျောင်းသားများထက် အဆင့်မြင့် ပညာများ သင်ကြားခွင့်ရရန် ပိုမို အလေးသာနေခြင်းတို့ကဲ့သို့သော အချက်များကြောင့် ဖြစ်သည်။

ကျန်ချွမ်းရှင်သည် ရှင်ကျန်းဒေသ၌ တိကျသည့် မူဝါဒများ ချမှတ် ဆောင်ရွက်ခြင်းနှင့် ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ကြောင့် လူမှုရေး မတည်ငြိမ်မှုများနှင့် အကျင့်ပျက် လာဘ်စားမှုများ ကြားတွင်သာ နစ်မြုပ်နေသော ပါတီခေါင်းဆောင်များကြားတွင် ထင်ရှားသည်မှာ မှန်သော်လည်း ဟန်လူမျိုး ပြောင်းရွှေ့အခြေချသူများ၏ တောင်းဆိုမှုများကို မျက်စိမှိတ် လိုက်လျောခဲ့ခြင်းနှင့် အစိုးရအဖွဲ့ အကျိုးရှိရန်အတွက် ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားစေနိုင်သည့် လုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်လျက် ရှိခြင်းတို့ကြောင့် ၎င်း၏ လက်ထက်တွင်လည်း ရှင်ကျန်း အူဂါဒေသကို အမှန်တကယ် ပြောင်းလဲသွားစေမည့် အခြေခံကျသည့် မူဝါဒများချမှတ် လုပ်ဆောင်နိုင်ခြင်း မရှိသေးချေ။

By; ဖြိုးမင်းသန့်
Ref; China’s Wild West by Kendrick Kuo
Source; The Voice