နွားကွဲရင် ကျားဆွဲတယ်


"နွားကွဲရင် ကျားဆွဲတယ်" တဲ့
စည်းလုံးညီညွတ်မှုမရှိရင် ဘာဖြစ်သွားမယ်ဆိုတာပြောပြတဲ့ စကားပုံပါ
စည်းလုံးညီညွတ်မရှိရင် ဘယ်လောက် အန္တရယ်ရှိတယ်ဆိုတာ မြင်သာအောင်ပြောထားတာပါ
ခုလည်းကြည့်ပါ
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်တော့မယ်တဲ့
ဘယ်လောက်ထိပြင်ဆင်ထားသလဲတော့ မသိပါ
သေချာတာတစ်ခုတော့ တိုင်းရင်းသားလူမျိုးစာရင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေရှိနေတာပါ
နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့လူတစ်စုက "ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပါတယ်" လုပ်ခဲ့တော့......
စာသင်ခန်းထဲက စာအုပ်တွေမှာလည်း အဲလိုပဲရေးထားတယ်
အဲဒီလိုပဲသင်ပေးတယ်
ဘယ်တုန်းက ဘယ်ခုနှစ်က တိုင်းတာ(survey)ခဲ့တဲ့  စာရင်းဇယားအရပြောသလဲတော့ မသိပါ
ဘယ်လောက်ကြာအောင် အချိန်ယူပြီး စစ်တမ်းကောက်ခဲ့သလဲ ဆိုတာလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖူးတာလည်းမကြားဖူးပါ။

သန်းခေါင်စာရင်း မကောက်ခံမှီ ကောက်ခံဆဲ
ကာလတွင် ဘယ်ကအတွေ့အကြုံရှိ ကျွမ်းကျင်တဲ့ ဝါရင့်ပုဂိုလ်များ ဘာသာဗေဒပညာရှင်(Linguist) တွေနဲ့ ဆွေးနွေးတိုင်ခင်ခဲ့မှန်းလည်းမသိ
ကောက်ခံအပြီးမှာလည်း ဘယ်နေရာမှာ ဘယ်လူမျိုးစုတွေရဲ့ အချက်အလက်တွေက ပြည့်စုံ ခိုင်လှုံ တိကျမှု ရှိမရှိတွေကို အဆင့်မြင့်ပညာတတ်တဲ့ ပညာရှင်အတိုင်းအဝိုင်းတွေနဲ့ ဝေဖန်ဆန်းစစ် အဖြေရှာတယ်ဆိုတာလည်းမရှိဘူး
တကယ်တော့ "တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပါတယ်" ဆိုတာ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေရဲ့ လူနေမှုသဘောသဘာဝ ယဉ်ကျေးမှု အစဉ်အလာ စကားပြောဆိုပုံ အသံအနှိမ့်အမြင့် လေယူလေသိမ်း  အနေအထားတို့ကို သေချာ အချိန်ယူမလေ့လာ စောင့်ကြည့်စစ်ဆေးပြီး ထည့်တွင်းတွက်ချက်မှုမရှိဘဲ အပေါ်ယံရှပ်ထိ စစ်တမ်းကောက်ယူရာက ရလာတဲ့ အဖြေပါ။
ကချင်ကို 12 မျိုးခွဲလိုက်တယ်
ချင်းကို 53 မျိုး
ရှမ်းကို 40 မျိုးတဲ့
ဗမာကျတော့ ဘာမှခွဲမထား
အခြားတိုင်းရင်းသားတွေကိုလည်း အဲဒီလိုပါပဲ

ဒါဟာ နိုင်ငံရေးအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပေါ်ယံခြုံပြီး သိမ်သိမ်မွေ့မွေ့နဲ့ ပြောရရင် အုပ်ချုပ်သူ လူတစ်စုရဲ့အမှား ပေါ့ဆမှု အုပ်ချုပ်မှု စီမံခန့်ခွဲတဲ့နေရာမှာ ညံ့ဖျင်မှုကြောင့်လို့ ပြောလို့ရပေမယ့်
လူမျိုးရေးအရ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေဘက်ကကြည့်ရင် ဒါဟာ "ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကို အမျိုးမျိုး သွေးခွဲပြီး လူမျိုးရေးအရ အသာစီးလက်ဝါးကြီးအုပ် ချုပ်ခြယ်အကျပ်ကိုင်လိုခြင်းကြောင့်ဖြစ်တယ်" ဆိုပြီးအဓိပါယ်ထွက်ပါတယ်။
လူကြိုက်မများတဲ့နည်းနဲ့ပြောရရင်ဒါဟာ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကို လူမျိုးတုန်းသွားအောင် ဝါးမြိုတဲ့နည်းတွေထဲက တစ်ခုပါပဲ။
ငါးမျှားချင်တဲ့တံငါက သူလိုချင်တဲ့ငါး အမြန်နည်းနဲ့ဖမ်းရလွယ်အောင် အိုင်ထဲကရေကို နှောက်ကျိသွားအောင် အရင်လုပ်လိုက်တဲ့သဘောပါ။

By; Atsam@kachinland