ွယနေ့ မြန်မာနိုင်ငံကြီး တိုးတက်အောင်မြင်ရန် အတွက် အားကြီးသူ တို့နှင့် လှလှပပ ကခုန်ရန် အရေးကြီးနေပြီ။ မြန်မာသည် တရုတ်နှင့် အိန္ဒိယကြားတွင် တည်ရှိသည်။ တရုတ်သည် မဟာအင်အားကြီး နိုင်ငံလောင်းလျာ ဖြစ်ပြီး လက်ရှိ တစ်ဦးတည်းသော မဟာအင်အားကြီး အမေရိကန်ကို စိန်ခေါ်နိုင်သည့် အလားအလာရှင် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

အိန္ဒိယသည် အာရှတိုက် တွင်းရှိ ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်သည်။ မြန်မာကို ပိုင်လျှင် တရုတ်နှင့် အိန္ဒိယကို ကိုင်နိုင်မည်။ မြန်မာသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားသည်။ မြန်မာနှင့် ထိစပ်နေသော အိန္ဒိယ သမုဒ္ဒရာသည် ကမ္ဘာ့သမုဒ္ဒရာများ အနက် အင်အား ကွက်လပ်ရှိနေသေးသော သမုဒ္ဒရာ ဖြစ်သည်။

အိန္ဒိယ သမုဒ္ဒရာသည် ကမ္ဘာ့ စီးပွားရေးတွင် အရေးပါသော သမုဒ္ဒရာတစ်စင်း ဖြစ်လာသည့် အလျောက် ကမ္ဘာ့နိုင်ငံရေး တွင်လည်း ကြီးမားသော အခန်းကဏ္ဍကို ရယူလာသည်။ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ တွင်ပင် အချက်အချာကျသော နေရာတွင် တည်ရှိသည်။

တရုတ်အကြောင်း၊ အမေရိကန် အကြောင်း ပြောလျှင် ဂျပန်သည် အလိုအလျောက် ပါဝင်လာသည်။ ဂျပန်သည် အမေရိကန်နှင့် မဟာဗျူဟာမြောက် မိတ်ဆွေ။ ယခုနောက်ပိုင်း ဂျပန်၊ တရုတ် ပြိုင်ဆိုင်မှု ပြင်းလာချိန်တွင် ဂျပန်သည် အမေရိကန်နှင့် မိတ်ဖက်အဖြစ်ရော၊ ကိုယ်ကိုယ်တိုင် ဆန္ဒနှင့်ပါ လှုပ်ရှားလာသည်။

အိန္ဒိယသည် တရုတ်နှင့် ပြိုင်ဘက်ဟု သူ့ကိုယ်သူ သဘောထားသည်။ မူလက တရုတ်နောက် အတော်လေး ပြတ်ကျန် ခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်း စီးပွားရေး ပြုပြင်ပြောင်းလဲရေး စတင်လိုက် သည့်အခါ တရိပ်ရိပ် တက်လာသည်။

အမေရိကန်၏ တရုတ်ဆိုင်ရာ မဟာဗျူဟာမှာ တရုတ်ကို ပေါင်းလည်းပေါင်း၊ ကာလည်း ကာထားခြင်း ဖြစ်သည်။ အမေရိကန်သည် ဆိုဗီယက်ကို ဖြိုချင်သောကြောင့် တရုတ်နှင့် ပေါင်းခဲ့ခြင်း ဖြစ်ပြီး တရုတ် တက်လာသည့်အခါ တရုတ်ကို ပြန်ကာရန် စီစဉ်လာရခြင်း ဖြစ်သည်။

အမေရိကန် သုံးသည့်နည်းမှာ တရုတ်ပတ်ဝန်းကျင်ရှိ နိုင်ငံများကို လိုက်လံပေါင်းသင်းခြင်း ဖြစ်သည်။ ဗီယက်နမ်၊ ထိုင်ဝမ်၊ အိန္ဒိယတို့သည် တရုတ်ကို အစဉ်အလာအရ သတိထားသော နိုင်ငံများ ဖြစ်ကြသည့်အတွက် အမေရိကန်နှင့် လက်တွဲရန် ဝန်မလေးကြ။

မြန်မာနိုင်ငံသည် တရုတ်နှင့် ကပ်လျက် တည်ရှိသည့် အတွက် အမေရိကန် လက်တွဲလိုသည့် နိုင်ငံများ ထဲတွင် ပါသည်။ မြန်မာက ပိုမျက်စိကျစရာ ကောင်းသည်မှာ အိန္ဒိယ သမုဒ္ဒရာနှင့် ရှည်လျားစွာ ထိစပ်နေခြင်း။ သမုဒ္ဒရာ တစ်ခုတည်း (ပစိဖိတ်သမုဒ္ဒရာ) နှင့်သာ ထိစပ်နေသော တရုတ်သည် နောက်ထပ် သမုဒ္ဒရာတစ်ခု (အိန္ဒိယသမုဒ္ဒရာ) သို့လမ်းပေါက်လိုလျှင် မြန်မာနိုင်ငံကို ဖြတ်ပြီးသာ ထွက်ရမည်။ တရုတ်၏ ဂယ်ပေါက်ကို ပိတ်လိုလျှင် မြန်မာတွင် နေရာယူထားရမည်။

တရုတ်သည် ကျောက်ဖြူတွင် ဆိပ်ကမ်းဆောက်သည်။ မနီးမဝေး စစ်တွေတွင် အိန္ဒိယက ဆိပ်ကမ်းဆောက်မည်။ တရုတ် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာကို ဖြတ်ပြီး သွားမည်။ စွမ်းအင် ဆာလောင်နေသော ကမ္ဘာ့စက်ရုံကြီး တရုတ်၊ ကမ္ဘာတွင် လိုအပ်သမျှ ထုတ်လုပ်ပေးနေသည့် တရုတ်အတွက် စွမ်းအင် အဆက်မပြတ် ရရေး အရေးကြီးလှရာ မြန်မာပြည်ဖြတ် ပိုက်လိုင်းသည် တရုတ်အတွက် နောင်တွင် အသက်သွေးကြော ဖြစ်လာနိုင်သည်။ တရုတ်အတွက် ပိုက်လိုင်း အရေးကြီးသည် ဆိုလျှင် အမေရိကန် အတွက်လည်း အရေးကြီးသည်။

အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးသည် ပြုပြင်ပြောင်းလဲရေး နောက်ပိုင်း တရိပ်ရိပ် တက်လာသည်။ ဘက်ပေါင်းစုံတွင် အမေရိကန်တို့ ဆက်ဆံရေး ချဲ့လာပြီး စီးပွားရေး၊ နိုင်ငံရေး နယ်ပယ် အသီးသီးရှိ အမေရိကန် ထိပ်တန်းအရာရှိများ မြန်မာနိုင်ငံ တွင်းသို့ ဥဒဟို ဝင်ထွက်နေကြသည်။ နောင်တွင် အမေရိကန် စစ်တက္ကသိုလ် များသို့ပင် မြန်မာတပ်မတော် အရာရှိ များ သွားရောက် ပညာသင်ကြားကြမည့် အခြေအနေသို့ပင် ရောက်ရှိနေပြီ။

ယခင်က မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသည် ဆိုသော်လည်း တကယ်တမ်းတွင် အနောက်နိုင်ငံ များနှင့် ခါးသီးသော ဆက်ဆံရေး ရှိခဲ့သည်။ ထိုနိုင်ငံများနှင့် ခပ်တန်းတန်း ဖြစ်နေသည့် အတွက် တရုတ်ဘက်သို့ ကပ်သင့်သည်ထက် ပိုကပ်သွား ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအချိန်တွင် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး အကြောင်း သဘောပေါက်လာသည့် အတွက် ထိတွေ့ဆက်ဆံ လာကြသည်။

အနောက်အုပ်စုထဲတွင် ပါသလိုလိုနှင့် အရှေ့၏စရိုက်ကို ထိန်းထားသော ဂျပန်သည် မြန်မာနှင့် ဆက်ဆံရေး မပျက်သော်လည်း ခပ်ခွာခွာ နေခဲ့ရာမှ ယခုအခါတွင် အနီးကပ် ဆက်ဆံရေး မြှင့်လာသည်။ ချေးငွေများ ရက်ရက်ရောရော ပေး၊ လျှော်ပစ်သလို အကူအညီ မျိုးစုံလည်း နယ်ပယ် မျိုးစုံတွင် ပေးသည်။ ငြိမ်းချမ်းရေးတွင်ပင် ဂျပန်က ပါဝင် ကမကထ ပြုလိုက်သေးသည်။

သီလဝါ စီးပွားရေးဇုန်သည် ဂျပန် အကောင်အထည်ဖော်မည့် အဓိက စီးပွားရေးဇုန် ဖြစ်သည်။ တရုတ်နှင့် ဆက်ဆံရေး ကောင်းမွန်ဆဲ ဖြစ်သော်လည်း မြစ်ဆုံ ရေကာတာကို မြန်မာဘက်က ရပ်ပစ်လိုက်ချိန်တွင် တရုတ်သည် မြန်မာနှင့် ဆက်ဆံရေးကို သတိထားလာခဲ့သည်။ နိုင်ငံတကာ မီဒီယာများက ထိုဖြစ်ရပ်ကို အလွန်အကျွံ မီးမောင်းထိုး ခဲ့ခြင်းကြောင့်လည်း တရုတ်တို့ အာရုံရောက် လာခြင်း ဖြစ်နိုင်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်၊ အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်နေဆဲပင်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော ဝ နှင့် ကေအိုင်အေ တို့သည် တရုတ်နယ်စပ်တွင် တည်ရှိသည်။ သေချာသည်မှာ မြန်မာသည် တရုတ်အနီးတွင် မနေချင် ဆိုပြီး ရွှေ့သွားမရနိုင်။ ကမ္ဘာ့နိုင်ငံကြီးများ မျက်စိကျသည့် လူဦးရေ သန်း ၁၃၀၀ ရှိ ဈေးကွက်ကြီး၊ ဝင်ငွေ တက်လာသည့်အတွက် သုံးနိုင်စွဲနိုင်လာသည့် ဈေးကွက်ကြီးသည် မြန်မာ့ ကုန်ပစ္စည်းများ အတွက် မဟာဈေးကွက် ဖြစ်လာနိုင်သည်။

အိန္ဒိယ သည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးသော နိုင်ငံကြီး ဖြစ်သည်။ ယဉ်ကျေးမှု၊ ဘာသာရေး တို့အရ အတိတ်က ဆက်စပ်ခဲ့သလို ဗြိတိသျှခေတ်တွင် အကျိုးစီးပွား တစ်ဆက်တစ်စပ်တည်း ဖြစ်ခဲ့သည်။ တက်လာသော အိန္ဒိယသို့ နိုင်ငံကြီးများပင် ချဉ်းကပ် နေကြချိန်တွင် မြန်မာနိုင်ငံ သည်လည်း အိန္ဒိယနှင့် အတူ တွဲတက်နိုင်ရန် နည်းလမ်းများ ရှာကြံသင့်သည်။ ယခုလောလောဆယ်တွင် အိန္ဒိယ ကသာ မြန်မာကို ချဉ်းကပ်နေပုံရသည်။

တရုတ်တို့သည် ရေတိုကြည့်သူများ မဟုတ်၊ ရေရှည်သမားများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ငါးရာ ခြောက်ရာခန့်က မဟာအင်အားကြီး နိုင်ငံဖြစ်ခဲ့သည့် တရုတ်တို့သည် စီးပွားရေး အမြင့်ဆုံး တိုးတက်နှုန်းကို လွန်ခဲ့သော ဆယ်စုနှစ်လေးစုခန့် ဆက်တိုက် ထိန်းထားနိုင်ကြသည်။ အမေရိကန် တို့သည်လည်း အမြော်အမြင် သမားများ ဖြစ်ကြသည်။ မဟာအင်အားကြီး နိုင်ငံ အဖြစ်ကို အမေရိကန်ပြည်ထောင်စုက နှစ် ၇၀ လောက် ထိန်းထားနိုင်ခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပါ။

ဂျပန်သည် အာရှတွင် အနောက် နိုင်ငံများကို ပထမဆုံး အမီလိုက်နိုင် ခဲ့သော နိုင်ငံဖြစ်ပြီး စီးပွားရေးနှင့် နည်းပညာ အင်အားကြီး နိုင်ငံဖြစ်သည်။ အိန္ဒိယသည် တိုက်ကြီးတစ်တိုက် အရွယ်အစားရှိ နိုင်ငံ၊ ယဉ်ကျေးမှု အင်အားကြီး နိုင်ငံဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်ရန် ရည်သန် ကြိုးစားနေသည်။

မြန်မာနှင့် ကခုန်သူများတွင် ပါချည်ပါချက် တစ်နိုင်ငံမျှ မပါပါ။ အရပ် စကားဖြင့် ပြောရလျှင် အချဉ် တစ်ယောက်မျှ မပါ။ အားလုံး ဆရာ့ ဆရာများချည်း။ ထို့ကြောင့် မြန်မာနိုင်ငံ သည်လည်း တတ်သိလိမ္မာ၊ ကတတ် ခုန်တတ် မှသာ မြန်မာ့ရှေ့ရေးကို လှလှပပ ထုဆစ်နိုင်ပေမည်။

By; ဇေယျသူ
Source; The Voice