စာဖတ်ခြင်း၏အကျိုးကျေးဇူး (နန်းခင်ဇေယျာ ဟောပြောသည်)

လူ့လောကတွင် စာပေပေါ်သည်မှစ၍ လူတို့သည် စာဖတ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ စာကမကွဲပြားသော်လည်း စာဖတ်နည်းကွဲပြားလျှင် စာ၏အဓိပ္ပာယ်နှင့် သိနားလည်မှုလည်းကွဲပြားပါလိမ့်မယ်။ ထို့ကြောင့် စာဖတ်သည့်အခါ မိမိဖတ်သောစာ၏ အနက်အဓိပ္ပာယ်ကို သိနားလည်အောင် ဖတ်မှတ်ရန်လိုအပ်ပါသည်။
“အလိမ္မာစာမှာရှိ” ဆိုရိုးစကားရှိပါသည်။ စာပေကို ဖတ်ရာတွင် အလိမ္မာကိုသိအောင်
ဖတ်ရမှာဖြစ်သလို ၊ သိရုံသာမက ထိုအလိမ္မာသည် မိမိ၌လည်း ရှိရလေအောင် စာကိုဖတ်သင့်ပါသည်။
“စာမတတ်သူ၊ စာမဖတ်သူသည် မျက်စိကန်းနေသူဖြစ်သည်” ဟု ရှေးလူကြီးသူမတို့ဆုံးမစကားကြားဖူးပါသည်။
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ မြန်မာစကားပုံနှင့်အညီ မိမိတို့အား အရာရာကိုသွန်သင်ဆုံးမပေးနေသည့် အရာမှာ စာအုပ်ကောင်းများပင်ဖြစ်ပါသည်။
“ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့်” လို့ ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာလေးကြားဖူးကြမှာပါနော်။ ပညာမရှိသော ဇနီးသည် ၊ မလိမ္မာသော သားသမီးများပင်လျှင် စာပေစကားနေ့တိုင်းကြားဖန်များလာပါက ဗဟုသုတများပြည့်စုံလာကာ လိမ္မာရေးခြားရှိလာမည်ဖြစ်ပါသည်။ တစ်နေ့တစ်နေ့ အားလပ်ချိန်များကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ အသုံးချစေချင်ပါတယ်။

“လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် ဒီကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ဒီ့အတွက် ဘယ်လိုလုပ်မည်နည်း????” တစ်နည်းသာရှိသည် …. “စာဖတ်ပါ” ။ နေ့စဉ်စာဖတ်ပါ။

စာဖတ်သည်ဆိုရာ၌ ငြင်းခုန်ဝေဖန်ရန် ၊ တစ်ဖက်လူ မှားကြောင်း သက်သေ သက္ကာယပြရန်သက်သက် အတွက် မဖတ်ပါနဲ့။
ပြောသမျှ ယုံကြည်ရန် ၊ သူဆိုတိုင်း လက်ခံရန် ဖတ်ခြင်းမျိုးလည်း မဖြစ်ပါစေနဲ့။
ပြောစရာဆိုစရာ ရရုံအတွက်လည်း မဖတ်ပါနဲ့။
အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ၊ ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။

စာကိုရည်ရွယ်ချက်နဲ့ ဖတ်ပါ။ မိမိအတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ဖတ်တဲ့ အလေ့အထမျိုးမွေးမြူကြစေလိုပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အရည်အသွေး ၊ အရည်အချင်းဆိုသည်မှာ မွေးရာပါ သဘာဝအားအင်များထက် ဖြစ်ချင်စိတ်၊ လုပ်ချင်စိတ်များပေါ်တွင်သာ မူတည်ပါတယ်။ မိမိ က ခေတ်မီနိုင်ငံကြီးတွေမှာ ခေတ်ပညာမသင်ခဲ့ရလို့ ငါ့တိုင်းပြည်ကို ဘာမှ အကျိုးမပြုနိုင်ဘူးဆိုတဲ့ အတွေးအခေါ်မျိုး ၊ အင်္ဂလိပ်စာကောင်းကောင်းမတတ်လို့ လောကကို ဘာမှအကျိုးမပြုနိုင်ဘူး ဆိုတဲ့ အယူအဆမျိုး ကို လုံးဝမထားသင့် မယူဆသင့်ပါဘူး။ မြန်မာစာပေသည်လည်း ကမ္ဘာမှာ သေးသိမ် သိမ်နုတ်တဲ့ စာပေ မဟုတ်ဘူးဆိုတာကို ရဲရဲကြီး ယုံကြည်ထားစေချင်ပါတယ်....Read More

By; လွင်သန္တာစိုး
credit-Nang Khin Zay Yar
Popular Journal
'