အဆင့်အတန်းမြင့်ပြီး ဂုဏ်ယူထိုက်သော ကချင် ၀န်ပေါင်။
================================

ကျွန်မ တသက်လုံးမှာ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ကိုကိုယ် အရှက်ဆုံးလို့ ပြောရမဲ့ နေ့တနေ့ ရှိခဲ့တယ်။ အဲဒီ ကိုယ့်ကိုကိုယ် ရှက်ခြင်းကြောင့်လည်း ဘ၀မှာ အမှားကြီးတခုကို ပြုပြင်ခွင့် ရခဲ့တယ်။ ရှက်ခဲ့ပေမဲ့ အမြတ်ထွက်တဲ့ အတွေ့အကြုံတခု လို့ သတ်မှတ်ရမှာဘဲ။ နောက်တခါ အဲဒီအမှားကို ဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိ ထပ်မကျူးလွန်တော့ဘူး။

၁၉၉၅ ခုနှစ် နွေရာသီမှာ မြစ်ကြီးနားကက်သလစ်အသင်းတော်ရဲ့ လူငယ်တစုနဲ့ မြစ်ကြီးနား -ဆွမ်ပါရာဘွမ်- ပူတာအို ခြေလျင် ခရီးထွက်ခဲ့ရတဲ့ Campaign တခုမှာပေါ့။

တအုပ်စုလုံးမှာ ကျွန်မအပါအ၀င် လူငယ် ၁၅ ယောက်လောက်ရှိမယ်။ အဲဒီထဲက တယောက်က ကျွန်မနဲ့အတူတူ စီးပွားရေးတက္ကသလိုလ် တက်ခဲ့တဲ့ ကိုအောင်လာ ပေါ့။ လူကြီးထဲမှာ အကြီးဆုံးက Bishop Paul Grawng, ကချင်လူမျိုးတွေရဲ့ ပထမဦးဆုံး ကက်သလစ် ဆရာတော်ကြီးနဲ့ Father Brang Di, ဆွမ်ပရာဘွမ် ကျောင်းထိုင် ဘုန်းတော်ကြီး။

ခရီးစဉ် စုစုပေါင်း တလခွဲ လောက် ကြာတယ်။ တလမ်းလုံး ခြေလျင်၊ ကိုယ့်အထုတ် ကိုယ်ထမ်း၊ အတော်များများ နေရာမှာ ကိုယ့်ထမင်းကိုယ်ချက်စား၊ တချို့ရွာတွေမှာတော့ ရွာခံများက ချက်ကျွေးတယ်။ ကျွန်မတို့ အဖွဲ့အတွက်လည်း ပျော်စရာ၊ မောစရာ၊ ကြည်နူးစရာ မျက်ရည်ကျစရာ၊ သင်ုယူစရာ စုံခဲ့တဲ့ ခရီးလမ်း။ သင်ပေးခွင့်ရခဲ့တယ်၊ သင်ယူခွင့်ရခဲ့တယ်။ နားထောင်ခွင့် လေ့လာခွင့် ရခဲ့တယ်။ အကောင်းဆုံး အစိတ်အပိုင်းက အဖွဲ့သားများအားလုံး အတူတူ ဒီခရီးကို ခက်ခက်ခဲခဲ အတူသွားခဲ့ရလို့ မောင်နှမရင်းခြာလို ခင်မင်ရင်းနှီးသွားကြတာဘဲ။

အရှက်ရစေခဲ့တာက အဲဒီခေတ်က Jinghpaw လူငယ်များရဲ့ ဘန်းစကားပေါ့။ “လီဆူစတိုင်” တဲ့။ ဆံပင်ပုံစံ မလှဘူးထင်ရင် .. ဟေ့ဟေ့... ငါ့ဆံပင်က လီဆူကေ။ တခုခု မကောင်းဘူးထင်ရင် လီဆူစတိုင်... .. လီဆူ... လီဆူ.... တမင်နစ်နာစေလိုတဲ့ ဆန္ဒနဲ့တော့ မဟုတ်ခဲ့ကြပါဘူး။ သို့သော် မည်သူက စပြီး ထွင်ခဲ့မှန်း မသိတဲ့ “လီဆူ” ဆိုတဲ့ စကားလုံးဟာ လူငယ်များရဲ့ နှုတ်မှာ used to ဖြစ်နေခဲ့တယ်။ မစဉ်းစားဘဲ ဖြတ်ကနဲ ဖြတ်ကနဲ ထွက်နေခဲ့ကြတယ်။

ဘုန်းတော်ကြီးက အဲဒီအသုံးအနှုန်းကို မသုံးဖို့ မကြာခဏ ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။ အဆူခံရတယ် လို့ ယူဆပြီး သိပ်မစဉ်းစားဘဲ “ဟုတ်ကဲ့ ဟုတ်ကဲ့” လုပ်ရင်း ခရီးစဉ်ပြီးဆုံးလုလု။

အရှက်ကွဲတဲ့ နေရာ လို့ ပြောရရင် “မူလာရှိဒီး” ရွာ ပါဘဲ။ အားလုံး နာမည်ကြီးတဲ့ “မူလာရှီဒီး” ကြိုးတံတား မြင်ဘူး ချင်လို့ မောတာပန်းတာ ကို မေ့ပြီး အပြေးအလွှား လျှောက်လာတဲ့ အချိန်မှာ အဖွဲ့သားထဲက တလမ်းလုံး စကားမပြော တိတ်ဆိတ်နေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားကြီး ကိုအောင်လာက “ကျွန်တော့အဖိုးအိမ်မှာ ခဏနားရအောင်” လို့ ပြောခဲ့တယ်။ တံတား မရောက်ခံ သူ့အဖိုး အိမ်ရှိတယ် လို့လည်း မသိခဲ့ရပါလား ဆိုပြီး တယောက်မျက်နှာ တယောက်ကြည့်ပြီး လိုက်ဝင်သွားကြတယ်။

အိမ်ထဲရောက်တာနဲ့ ကျွန်မတို့အားလုံး ကိုယ့်လုပ်ရပ်အတွက် ကိုယ် နာကျင်ကြပြီ။ အိမ်ထဲ ၀င်လာတဲ့ ကိုအောင်လာကို အိမ်သားများက လီဆူစကားနဲ့ အားရ၀မ်းသာ ကြိုဆိုကြတယ်။ ကျွန်မတို့ အဖွဲ့သားများကိုလည်း ရှိသမျှ ချကျွေးပြီး ဧည့်ခံကြလေရော... ကိုအောင်လာ ကိုယ်တိုင်လည်း အဲဒီတော့မှ စကားဖောင်ဖောင်နဲ့ အိမ်ထဲဝင်ထိုင်ဖို့၊ ရေသောက်ဖို့၊ ချကျွေးတဲ့ ဂရိတ်ဖရွတ်သီးတွေ စားဖို့ ဧည့်ခံနေလေရော။

အဲဒီအချိန်မှာ အငွေ့ပျံ ပျောက်ကွယ် သွားပါစေ လို့ဘဲ ဆုတောင်းမိတော့တယ်။

ကျွန်မကို “ကချင်မ၊ ကချင်မ” လို့ ခင်မင်ရင်းနှီးစွာ ချစ်စနိုးခေါ်တာကို ကြည်နူးပေမဲ့ နှိမ်တဲ့ လေသံနဲ့ “ကချင်မ” လို့ ခေါ်ရင် ဆတ်ဆတ်ထိ မခံတဲ့ ကျွန်မက မျိုးနွယ်စုငယ်ကိုတော့ မရည်ရွယ်ဘဲ နှိမ်နေတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ မောင်နှမလို ဖြစ်နေတဲ့ အဖွဲ့သားက ဘာမျိုးနွယ်စုဖြစ်တယ်.. ဘာကြောင့် တိတ်ဆိတ်နေတယ် ဆိုတာကိုတောင် သတိမမူမိလောက်အောင် ညံ့ဖျင်းရမလဲ။ ခရီးစဉ်တလျှောက်လုံးမှာ သူ့ခမြာ ဘယ်လောက်အထိ ထိခိုက်နာကျင်ခဲ့မလဲ။ ကျွန်မတို့က ဒီလောက် စော်ကားခဲ့တာတောင် ဒီလို ဘာမှ မဖြစ်လေသယောင် ကြိုဆို ဧည့်ခံနေတယ်။

အဲဒီညမှာ အဖွဲ့ထဲမှာ ပါတဲ့ မိန်းကလေးများ ချောင်တချောင်မှာ စုပြီး စကားပြောဖြစ်ကြတယ်။ ခါတိုင်းလို့ လျှပ်တီးလျှပ်ပြာ ပေါ့ပေါ့ဆဆ မဟုတ်ဘဲ အလေးအနက် ပြောဆိုဖြစ်ခဲ့ကြတယ်။ “ဒီလိုအမှားမျိုး ဘ၀မှာ နောက်တခါ မဖြစ်စေရ”။

အမှားကိုသိရှိရင်တောင် တိုက်ရိုက်သွားတောင်းပန်ဖို့ အတော်လေး အရှိန်ယူရတဲ့ ကျွန်မအတွက် ကိုအောင်လာကို တိုက်ရိုက်သွားတောင်းပန်ခြင်း မပြုခဲ့ပါဘူး။ သို့သော် လီဆူမျိုးနွယ်စုအားလုံးနဲ့ အခြားသော မရည်ရွယ်ဘဲ ထိခိုက်မိတဲ့ မည်သည့် မျိုးနွယ်စုကိုမဆို ကိုအောင်လာ လုပ်ခဲ့သလိုဘဲ အလုပ်နဲ့ဘဲ သက်သေပြဖို့ ဆုံးဖြတ်ခဲ့တယ်။

သန်းခေါင်စာရင်းကိစ္စ ထွက်ပေါ်လာတဲ့အခါမှာ ကချင်မျိုးနွယ်စုများကြားမှာ အသံမျိုးစုံ ထွက်လာပါတယ်။ အဲဒီအခါမှာ မျိုးနွယ်စုငယ်တွေ ဘယ်လို ခံစားရတယ် ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ကိုယ်တိုင် လုပ်ခဲ့တဲ့ အမှားမျိုး ယနေ့ Jinghpaw တော်တော်များများ ဆက်လုပ်နေသေးတယ် ဆိုတာကိုလည်း မျက်မြင်ကိုယ်တွေ့။ ပါးရိုက် တံတွေးနဲ့ထွေး မြေပေါ်ချနင်းပြီးမှ နင်ဟာ ငါ့မောင်နှမပါ လို့ လို့ပြောရင် ခံခဲ့ရတဲ့သူ ခံနေရတဲ့ သူများဖက်က ချက်ချင်း လက်ကမ်းဖို့တော့ လွယ်မယ် မထင်ပါဘူး။ ဒါပေမဲ့ ကိုအောင်လာ လိုမျိုး ခွင့်လွှတ်ပြီး လူကြီးလူကောင်းပီသတဲ့ ခေါင်းဆောင်ကောင်းများစွာကို အခုလည်း မြင်တွေ့ရလို့ အထူးဘဲ ချီးကျူးမိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

ကျွန်မတို့ ကချင်လူမျိုးများဟာ အခြားသူများက ကိုယ့်လူမျိုးကို နိမ့်ချစော်ကားရင် မကြိုက်ကြပါဘူး။ အသိအမှတ်ပြုမှုနဲ့ လေးလေးစားစားဆက်ဆံမှုကို လိုလားကြပါတယ်။ ထိုနည်းတူဘဲ ကျွန်မတို့ အချင်းချင်းကြားမှာလည်း အသိအမှတ်ပြုမှု လေးစားစွာ ဆက်ဆံမှုကို ကျင့်သုံးကြပါစို့။

ကျွန်မ တသက်လုံးမှာ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ကိုကိုယ် အရှက်ဆုံးလို့ ပြောရမဲ့ နေ့တနေ့ ရှိခဲ့တယ်။ နောက်တခါ အဲဒီအမှားကို ဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိ ထပ်မကျူးလွန်တော့ဘူး။

By; Khon Ja
Credit to; Lachid Kachin