Samsung အနေဖြင့် ၎င်းတို့၏ အသစ်ထုတ် စမတ်ဖုန်းအတွက် ကိုယ်ထည်ကို ပလပ်စတစ်နှင့် သတ္တု နှစ်မျိုးရွေးချယ်ခွင့် ပေးလာဖွယ် ရှိနေကြောင်း သိရသည်။ Apple ကုမ္ပဏီက iPhone 5Sနှင့် iPhone 5Cတို့ကို မတူညီသော ကိုယ်ထည်များဖြင့် ထုတ်လုပ်ခဲ့သည့်နောက် ယင်းနည်းလမ်းကို တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးက လိုက်လံတုပဖွယ် ရှိနေသည်။ Apple၏ iPhoneများနှင့် အဓိက အားပြိုင်လေ့ ရှိသည့် Galaxy S စီးရီးများမှ နောက်ဆုံးထုတ် Galaxy S5တွင် ကိုယ်ထည်ကို နှစ်မျိုးထုတ်လုပ်ရန် Samsungက စီစဉ်နေကြောင်း ကောလာဟလအချို့ ထွက်ပေါ်ခဲ့သည်။ Galaxy S5ကို ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် မိုဘိုင်းကမ္ဘာ နည်းပညာ ကွန်ဂရက်တွင် စတင်၍ မိတ်ဆက်လာဖွယ် ရှိနေသည်။

Samsungသည် Galaxy S5အတွက် Screenကို (၅.၂၅)လက်မ သတ်မှတ်ဖွယ် ရှိနေပြီး သုံးစွဲသူ၏ မျက်လုံးကို အာရုံခံ မှတ်သားကာ Passwordအဖြစ် အသုံးပြုနိုင်မည့် စနစ်မျိုး ပါဝင်လာမည်ဟု သတင်းကြီး နေသည်။ Appleက iPhoneကို လက်ဗွေမှတ် လုံခြုံရေးစနစ် ထည့်သွင်းခဲ့သည့်နောက် Samsung ကလည်း မျက်ကြည်လွှာ မှတ်သားသည့် စနစ်ကို Galaxy S5အတွက် စီစဉ်လာခြင်း ဖြစ်သည်။

By; Atsam@kachinland