ကမ္ဘာကျော် လူလိမ်ကြီးများ ကြောက်သော သတင်း Media အကြောင်း တစေ့တစောင်း

NEWS ဆိုတဲ့ စကားလုံးဟာ အများသိပြီး ဖြစ်သည့် စကားလုံး ဝေါဟာရ ဖြစ်သည်။ ‘သတင်း’ လို့ သိထားကြသည်။ သုတေသီ အချို့က NEWS ကို ဒီလို အနက်အဓိပ္ပာယ် ဖွင့်ဆိုကြပါသည်။

NEWS = North မြောက်ဘက်/ East - အရှေ့ဘက်/ West - အနောက်/ South- တောင်ဘက်။

ပြည်သူလူထု သိရှိစေရန် အရပ်လေးမျက်နှာမှ လာသော အကြောင်းအရာ၊ အဖြစ်အပျက်ဆန်းများကို ‘သတင်း’ လို့ အဓိပ္ပာယ် ဖွင့်ဆိုကြပြန်တယ်။

‘သတင်း’ တစ်ခု အနေနှင့် မှတ်တမ်း တင်ရာတွင် စံနမူနာ စာကြောင်းတစ်ခုကို စိတ်ဝင်စားဖွယ် အဖြစ် သုတေသီ အချို့က တင်ပြထားပါသည်။ “ခွေးတစ်ကောင်သည် လူတစ်ယောက်ကို ကိုက်သည်ကို သတင်း အနေနှင့် မဖော်ပြသင့်ပါ”။ ဥပမာ- A dog bites a man. It is not news ဆိုလိုသည်မှာ ခွေးဆိုတာ သူစိမ်းတွေ့ရင် ဟောင်တတ်သည်၊ ကိုက်တတ်သည်။ သိပ်ဆန်းပြားသော ကိစ္စတစ်ခု မဟုတ်ကြောင်း ဆိုလိုသည်။

သို့သော်လည်း A Man bites a dog. It is news. ‘လူတစ်ယောက်သည် လေးဖက်ထောက်ပြီး ခွေးတစ်ကောင်ကို လိုက်ကိုက်သည့် ဖြစ်ရပ်ကို’ သတင်း အနေနှင့် မှတ်တမ်းတင် ဖော်ပြသင့်သည်ဟု သတင်းသုတေသီများက အကြံပြုထားသည်။

လူ့သဘာဝသည် မိမိထက် နိမ့်ကျသော ‘ခွေး’ တိရစ္ဆာန်ကို လိုက်ကိုက်သည်ကို ဆန်းပြားသော ဖြစ်စဉ် ဖြစ်သည်ဟု ဆိုလိုသည်။

၂၁ ရာစုသည် ဆက်သွယ်ရေး နည်းပညာများကြောင့် ကမ္ဘာသည် ရွာဖြစ်လာရသည်။ The World becomes the Village ရွာတစ်ရွာတွင် တစ်ဦးတစ်ယောက်သည် ဟုတ်တာလုပ်လျှင် ကောင်းသတင်းနှင့် ကျော်စောသည်။ မဟုတ်တာ လုပ်လျှင် ထိုသူ၏ မကောင်းသတင်း တစ်ရွာလုံး ပျံ့နှံ့နေမည်။ ‘ဟုတ်လျှင် ကျော်မည်၊ ပုပ်လျှင် ပေါ်မည် ဖြစ်သည်။ မည်သို့မျှ ဖုံးဖိထား၍ မရပါ။’

‘၈၈’ မျိုးဆက် ကိုမင်းကိုနိုင်သည် နိုင်ငံရေး အကျဉ်းသားဘဝနှင့် ထောင်ကျနေစဉ်တွင် ထောင်ဝင်စာ လာပို့သူ မိသားစုဝင်များ၊ မိတ်ဆွေများအား ပြောလေ့ရှိသော မှတ်သားစရာ တစ်ကားတစ်ခုမှာ ‘ကျွန်တော့် ဆီကို ထောင်ဝင်စာလာရင်’ ‘ဟင်းမပါလျှင် နေပါစေ၊ သတင်းပါရင် ပြီးရော’ ဆိုသည့် ပြောဆိုချက်ကို R.F.A နှင့် ကိုမင်းကိုနိုင် တွေ့ဆုံ မေးမြန်းခန်းတွင် ကြားခဲ့ဖူးပါသည်။

သတင်းမီဒီယာများ အနေနှင့် သတင်းတစ်ခုကို ဖော်ပြရာတွင် ခိုင်လုံဖို့၊ တိကျဖို့ လိုသည်။ ခန့်မှန်းသတင်းများ၊ ကောလာဟလ သတင်းများကို ပြည်သူလူထုထံ လုံးဝ မတင်ပြသင့်ပါ။

၂၀၁၃ သြဂုတ်လ ၂၄ ရက် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာ ဖြစ်ရပ်သတင်းတွင် စိတ်မနှံ့သူ၊ ကျပ်မပြည့်သူ အသက် ၁၈ နှစ်ခန့် လူငယ်တစ်ဦးက အသက် ၂၅ နှစ်ခန့် မိန်းကလေးတစ်ဦး၏ လက်ကို ဆွဲကိုင်သည့် ပဋိပက္ခ ဖြစ်ရပ်ကို လူမှုရေးကွန်ရက် Facebook စာမျက်နှာများတွင် ထိုသတင်းကို ‘မုဒိမ်းမှု’ ဟု အခြေအမြစ် မရှိဘဲ၊ တိတိကျကျ မသိဘဲ ရေးသားချက်များသည် လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းများ ဖြစ်စေရန် ‘မီးလောင်ရာ၊ လေပင့်’ ဖြစ်စေသတည်း။ အကျိုးဆက်ကား ဆန်စက် တစ်လုံးနှင့် လူနေအိမ် ဈေးဆိုင်များ ၅၂ လုံး ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှုအစုံ ဘာသာပေါင်းစုံ နေထိုင်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို လှမ်းတက်နေသော မြန်မာနိုင်ငံတော်သစ်ကို မတည်မငြိမ် ဖြစ်စေသည်။

သတင်းတစ်ခုကို ခြေရာကောက်တော့မည် ဆိုလျှင် ဘယ်သူက (Who)၊ ဘယ်သူ့ကို (Whom)၊ ဘယ်နေရာမှာ (Where)၊ ဘယ်အချိန် (When)၊ ဘာကြောင့် (Why)၊ ဘယ်လို (How) ဖြစ်ရသည် စသည်ဖြင့် မိမိ၏ သတင်းကို ဂုဏ်တက်အောင်၊ အဆင့်အတန်း ရှိအောင် ပြုလုပ်သင့်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသယာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရများလက်ထက် ထုတ်ဝေခဲ့သော နိုင်ငံတော်ပိုင် ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာနှင့် ရုပ်မြင်သံကြား MRTV နှင့် MWD တို့တွင် နိုင်ငံတော် အကြီးအကဲ ဆိုသူများ၊ မိသားစုများ၊ ဘုရားသွားခြင်း၊ တံတားဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ၊ ကျောင်းဖွင့်ပွဲ၊ စက်ရုံဖွင့်ပွဲ စသည့် သာမန် ကိစ္စရပ်များကို ရေးကြီးခွင်ကျယ် အချိန်များများယူပြီး TV တွင် ပြသ၊ သတင်းစာများတွင် နေရာအတော်ယူ ဖော်ပြခဲ့ခြင်း များသည် ပြည်သူလူထု၏ စိတ်ဓာတ် အင်အားကို လွှမ်းမိုးခဲ့ခြင်း၊ စော်ကားခဲ့ခြင်းသာ ဖြစ်သည်။

ထို့ကြောင့်လည်း နဝတ၊ နအဖ စစ်အစိုးရ လက်ထက် သတင်း၊ မီဒီယာများကို ကြည့်လျှင် Pagoda နှင့် Soldier တွေ ကိုသာ တွေ့ရသည်။ “ကမ္ဘာပေါ်မှာ သတင်းစာ စဖတ်လျှင် နောက်ဆုံး စာမျက်နှာမှ သတင်းစာကို ဖတ်သော တိုင်းပြည်သည် မြန်မာပြည် ဖြစ်လာခဲ့သည်” ဟု ကွယ်လွန်သူ စာရေးဆရာကြီး တစ်ဦးက ဝေဖန်ခဲ့ဖူးသည်။

ဖွံ့ဖြိုး တိုးတက်ပြီး တိုင်းပြည်များတွင် နိုင်ငံအကြီးအကဲ ဆိုသူများ၊ မိသားစုများ သက်ဆိုင်ရာ ဘာသာရေး အဆောက်အအုံ များသို့ သွားခြင်း၊ လမ်းဖောက်၊ တံတား ဆောက်ခြင်းများကို ၎င်း နိုင်ငံများရှိ Media များတွင် သတင်းအနေနှင့် ဖော်ပြခြင်း လုံးဝ မရှိကြောင်း အခိုင်အမာ တွေ့ရသည်။ တင်ပြခဲ့လည်း ပြည်သူထူထုက စိတ်ဝင်စားခြင်း မရှိကြောင်း သိရသည်။

မည်သို့ပင်ဆိုစေ သတင်းဟူသည် ကောင်းသတင်းများ ရှိသလို ဆိုးသတင်းများလည်း ရှိတတ်ပေသည်။ သတင်း၊ မီဒီယာများသည် လူထု၏ နား၊ မျက်စိများ ဖြစ်သည်။ လူထုသည် ဗဟုသုတရဖို့၊ ကမ္ဘာတစ်ခွင် ဘာတွေ ဖြစ်နေသည်ကို သိဖို့၊ မျက်စိကို ဖွင့်ထားသည်။ နားကို စွင့်ထားသည်။ စာဖတ်သော လူမျိုးတိုင်း တိုးတက်ကြသည်။ တိုးတက်ချင်သော လူမျိုးတိုင်း စာဖတ်သင့်သည်ကို ဆရာဇောဂျီက သူ အင်္ဂလန်မှာ ကျောင်းတက်စဉ် မနက်မိုးလင်းသည်နှင့် အင်္ဂလန်သားတွေ နေရာတိုင်း လိုလိုမှာ သတင်းစာဖတ်လျက် ရှိသည်ကို တွေ့ခဲ့ကြောင်း သူ၏ စာအုပ်တွင် ရေးသားခဲ့ဖူးသည်။ ‘သတင်းစာ တစ်စောင်၏ အသက်သည် တစ်ရက် မဖြစ်သင့်ပါ။ ယနေ့သတင်းသည် မနက်ဖြန်အတွက်’ သမိုင်း ဖြစ်သင့်ပါသည်။

လူထုအကျိုးပြု သတင်းမီဒီယာများကို လူထုက အားပေးသည်၊ ထောက်ခံသည်၊ ကူညီသည်။ ထိုသတင်း Media များကြောင့်လည်း လူထုကို ဖိနှိပ်သော၊ ရက်စက်သော အာဏာရှင် စနစ်များ ချုပ်ငြိမ်းစပြုပြီး လူသားဝါဒကို အခြေခံသော၊ ပွင့်လင်း မြင်သာသော ဒီမိုကရေစီ နိုင်ငံသစ်များ ပေါ်ထွန်းလာရခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဟု တင်စား ခေါ်ဆိုသော သတင်းမီဒီယာကို နိုင်ငံတော် အကြီးအကဲများ၊ တာဝန်ရှိသူများက တစ်ခဲနက် နှောင်ကြိုးမဲ့ လွတ်လပ်ခွင့် ပေးသင့်သည်။ အဘက်ဘက်မှ အားပေး ကူညီသင့်ပြီ။

By; (ဂျက်ဖရီတင်အုန်း R.I.T ရန်ကုန် စက်မှုတက္ကသိုလ်)
Credit to; The Voice Weekly