လက်နက်တိုက် ဖောက်ထွင်းခံရမှု၊ စစ်လက်နက်ပစ္စည်းများ ဖမ်းဆီးရမှုနှင့် ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွား
Written by  Voice
Print Email
ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရန်ကုန်မြို့တော်နှင့် တာချီလိတ်၊ မိုးကုတ်၊ မြိတ်စသော မြို့များတွင် ယခုရက်ပိုင်းအတွင်း စစ်လက်နက် ပစ္စည်းများ ဖမ်းဆီးရမှု၊ လက်နက်တိုက် ဖောက်ထွင်းခံရမှု၊ ပေါက်ကွဲမှု၊ မီးလောင်မှု၊ လူသတ်မှုစသော ရာဇဝတ်မှုကြီးများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်မြို့တော်တွင် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ ရန်ကုန် - ပြည် ကားလမ်းဘေးရှိ အမှတ် (၅၀၁၀) တင့်ကားတပ်ရှိ ဌာနချုပ်တပ်ခွဲ လက်နက်တိုက် ဖောက်ထွင်း ခံရမှုကြောင့် အဝေးပစ် ချေမှုန်ရေး သေနတ်နှင့် ကျည်ဆန်များ ပျောက်ဆုံးခဲ့သည်။ ယင်းနေ့ ညနေပိုင်းက မင်္ဂလာဒုံ လေဆိပ်အနီးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ် ဆီဂိုဒေါင် မီးလောင်မှုကြောင့် ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များ အတက်အဆင်းမှာ တစ်နာရီကျော်ကြာ ရပ်ဆိုင်းခဲ့ရသည်။ ယင်းနေ့ မတိုင်မီ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း မြောက်ဥက္ကလာပ မြို့နယ်တရားရုံးနှင့် မရမ်းကုန်းမြို့နယ် အိုးရှင်းစင်တာအနီးရှိ စစ်အင်ဂျင်နီယာတပ်တွင်  တစ်ရက်တည်း မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

လက်နက်တိုက်မှ ခိုးယူခံခဲ့ရသော MA-13၊ M 1 အမျိုးအစား သေနတ်မှာ အဝေးပစ် ချေမှုန်းရေး သေနတ်ဖြစ်ပြီး ကျည်ဆန် အလိုအလျောက်ထွက်သော သေနတ်အမျိုးအစား ဖြစ်ကြောင်း၊ ရှေ့တန်း တိုက်ပွဲများတွင်သာ အသုံးပြုသော လက်နက်များ ဖြစ်ကြောင်း၊ ၉ မမ ကျည်ဆန်မှာ အနီးကပ်ပစ်သော ပစ္စတို၊ စတင်းဂန်း အမျိုးအစား သေနတ်များတွင် အသုံးပြုသော ကျည်ဆန်များ ဖြစ်သည်ဟု တပ်မတော်တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦးက ပြောကြားသည်။

ကမ္ဘာကျော် ပတ္တမြားနှင့် နီလာများထွက်ရှိရာ မိုးကုတ်မြို့တွင်လည်း ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက လူစည်ကားရာ မြို့လယ်ကောင်တွင် လူခြောက်ဦး ပစ္စတို သေနတ်နှစ်လက်ဖြင့် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု ကျူးလွန်နိုင်ခဲ့ရာ ပတ္တမြားဈေး ရှိ မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့ ရွှေခြောက်ပိဿာ ပါသွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

ဇန်နဝါရီလ ၂၂ ရက်၊ နံနက်၁၁ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ တာပင်း ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ခြောက်ဘီးကုန်တင် ယာဉ်တစ်စီးပေါ်၌ ပေတစ်ထောင်အကွာမှ  အသုံးပြုနိုင်သော စနိုက်ပါ မှန်ပြောင်း ၂၅၀ နှင့် စစ်လက်နက်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ဝင်းက ပြောကြားသည်။
ကျိုင်းတုံမြို့၌ စနိုက်ပါ မှန်ပြောင်း ၂၅၀ နှင့် စစ်လက်နက် ပစ္စည်းများ ဖမ်းဆီးရမှု တစ်ရက်အကြာတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ဧကရာဇ် ရပ်ကွက် ရန်ကုန်-ပဲခူး လမ်းမကြီးဘေးရှိ မြို့နယ် စည်ပင်သာယာရေးရုံး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဝန်ထမ်းအိမ်ရာ လိုင်းခန်းတစ်ခုတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အသက် ၈ နှစ်အောက် ကလေးငယ်နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က အသက် ၄၀ အရွယ် စိတ်ဝေဒရှင် အမျိုးသားတစ်ဦးက ပုဆိန်ဖြင့် ခုတ်သဖြင့် အသက် ၇ နှစ်အရွယ် သူငယ်တန်း ကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား မူလတန်း ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ် အထွေထွေရောဂါကု ဆေးရုံထံမှ သိရသည်။

အဆိုပါ ပုဆိန်တို့ဖြင့် လိုက်လံခုတ်သူ စိတ်ဝေဒနာရှင်မှာ အရက်၊ ဆေးကြောင်နေသူ ဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရသည်။

By; Voice
Source; The Voice