မြန်မာ့နွေဦး ရောင်းရန်မဟုတ်

အပြုတ်တိုက်ရေး ယဉ်ကျေးမှု

မြန်မာ့နိုင်ငံရေး ဓလေ့သည် တော်လှန်သော ဗီဇမျိုးရင်းများဖြင့် ရင့်သန်ခဲ့ခြင်း ဖြစ်သောကြောင့် ရန်-ငါ မျက်လုံးစိမ်းများ မင်းလောင်းပေါ်သည် ကြားလျှင် အပြတ်ရှင်းခဲ့သည့် ထုံးတမ်းများဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ပဒေသရာဇ်ခေတ်မှ သက်ဆင်းလာခဲ့သော ပါဝါဂိမ်းတို့တွင် အဖြူနှင့်အမည်း ဘက်နှစ်ဖက်ကိုသာ အခြေပြု စဉ်းစားခဲ့ကြပြီး ပြည်သူလူထုဟူသည်ကို စိုးစဉ်းမျှ ထည့်သွင်း တွက်ချက်ခဲ့ကြခြင်း အလျဉ်း မရှိခဲ့ပေ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် “တော်လှန်မှ လွတ်လပ်ရေးအစစ်” ဟု ကြွေးကြော်သံများ အကြား အပြုတ်တိုက်ရေး၊ ထိပ်တိုက် ရင်ဆိုင်ရေး၊ တော်လှန်ရေး လမ်းစဉ်ကို ရှောင်လွှဲကာ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်း အသစ်ကို လျှောက်လှမ်းခဲ့လေသော ဗိုလ်ချုပ်အောင်ဆန်းသည်ပင် သူရဲဘောကြောင် သူ၊ သွေးနည်းသူ စသည်အားဖြင့် တံဆိပ်အမျိုးမျိုး အကပ်ခံခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကို အပြုတ်တိုက်ရေး လမ်းကြောင်းမှ သွေဖည်ပြီး Pragmatic Approach ဖြစ်သော စားပွဲဝိုင်း တော်လှန်ရေးဖြင့် ရအောင် ယူပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လွန်လေပြီးသော အချိန်၌ကား မြန်မာ့နိုင်ငံရေးဓလေ့တွင် စားပွဲဝိုင်းတို့ မှောက်ခုံလန်ကာ တော်လှန်ရေးနှင့် အပြုတ်တိုက်ရေး မူဖြင့်သာ စခန်းသွားခဲ့ ကြရပြန်ပေသည်။

ကျော်ဖြတ်ခဲ့ပြီးသော နိုင်ငံရေးခရီးကြမ်း တစ်လျှောက်လုံးကို ပြန်ကြည့်လျှင် ရန်နှင့်ငါ၊ အဖြူနှင့် အမည်း ပါဝါဂိမ်းများဖြင့် အတိဖုံးလွှမ်းခဲ့ပြီး ဖြစ်သည်။ ယင်းပါဝါဂိမ်းများတွင် အပြုတ်တိုက်ရေး မူများဖြင့် သူငါမာန်တင်း၍ ရန်ဘက်အသွင် စစ်ခင်းခဲ့ကြသည်။ စစ်တလင်းလည်း ကျွမ်းလုပြီး ဖွံ့ဖြိုးရေး ပန်းလည်း နွမ်းလှပြီ အပြုတ်တိုက်ရေး မူများလည်း ပျောက်ဆုံးသင့်ပေပြီ။ အကြောင်းရင်းမှာ သန်း ၆၀ နှင့် မြန်မာ့မြေလည်း နိုင်ငံရေး တိုက်ပွဲများကြောင့် နာလှပြီ ဖြစ်သောကြောင့် ဖြစ်သည်။

သမိုင်းဘီး တစ်ပတ် လည်-မလည်

အခမဲ့ အကျိုးတော်ဆောင် ဆရာဦးကျော်ဝင်းကမူ သမိုင်း ဖန်တီးနိုင်သည့် Player များ၏ အသိဥာဏ် အမြော်အမြင်များ တက်မလာခဲ့လျှင် သမိုင်းဘီး တစ်ပတ်လည် နိုင်သည်ဟု တွိုင်ဘီ၏ အဆိုကို ကိုးကား၍ ပြောသည်။ ၁၉၆၀ မှ ၁၉၆၂ ခုနှစ်တို့အကြား အရေးကြီးသော ဖြစ်စဉ် သုံးရပ် ရှိခဲ့ပြီး (၁) ပထစ ဦး-ဗိုလ်-သခင် အကွဲအပြဲ၊ (၂) အခြေခံဥပဒေ ပြင်ဆင်ရေး (ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်)၊ (၃) လူမျိုးရေး အဓိကရုဏ်း (နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းမှု အစပြု) ဟုဆိုသည်။ သမိုင်းဖြစ်ရပ် သုံးခုလုံးကို လက်ရှိအချိန်တွင် ထပ်တူနီးပါး ပြန်လည် မြင်တွေ့ နေရခြင်းသည် သမိုင်းဘီး တစ်ပတ်လည်တော့မည့် ရှေ့ပြေး သင်္ကေတလေလားဟု စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောကြားခဲ့သည်။

ရရှိခဲ့ပြီးသော အရွေ့ကို မည်သူတို့က မည်မျှရွေ့သည် ထင်သနည်း ဟူသော အချက်ကို အခြေခံ၍ ဆက်လက် ဖြစ်ပေါ်လာသော လက်ရှိ မြန်မာ့နွေဦးကို မည်သူတို့က မည်မျှတန်ဖိုးနှင့် ဈေးဖြတ်သည်ဟူသော အချက်ပေါ်တွင် မူတည် နေပေလိမ့်မည်။ အရှင်းဆုံး ဆိုရလျှင် မြန်မာ့နွေဦး ဘယ်လောက် တန်မည် ထင်သနည်း၊ မေးခွန်း၏ အဖြေသည် သမိုင်းဘီး တစ်ပတ်လည်-မလည်၏ အဖြေနှင့် မျဉ်းတန်းသဘော ဆောင်ပေလိမ့်မည်။ တစ်ရာတန်သည်ဟု ဈေးဖြတ်သူက ရွေ့ခဲ့ပြီးသော အရွေ့ကို တစ်ရာတန်ဖြင့် ပေးချေပြီး တစ်ထောင်တန်သည်ဟု ဈေးဖြတ်သူက ရွေ့ခဲ့ပြီးသော အရွေ့ကို တစ်ထောင်တန်ဖြင့် ပေးချေပေလိမ့်မည်။

ပြင်ဆင်ရေး ဒီဘိတ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်သည် ရှမ်းမူကို အကြောင်း ပြု၍ ဖြစ်ပေါ်ခဲ့သော ပြင်ဆင်ရေး ဒီဘိတ်နှင့်တော့ လုံးလုံးကြီး ခြားနားပါ၏။ ဦးနုလက်ထက် ပြင်မလား သစ်မလား ပြဿနာတွင် အသံလွှင့်ရုံမှတစ်ဆင့် တစ်နိုင်ငံလုံး သိကြားစေ သက်သေညွှန်းခဲ့သော ရှမ်းမူတွင် ဖက်ဒရယ်မူကို လက်မခံ ခွဲထွက်မည်ဟု ဆိုလာခဲ့သည်။ အတိုက်အခံ ပမညတတို့က ရှမ်းမူကို လက်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။

ယခုသော် နိုင်ငံတော် သမ္မတကြီးသည် လည်းကောင်း၊ လွှတ်တော်သည် လည်းကောင်း၊ တပ်မတော်သည် လည်းကောင်း၊ တိုင်းရင်းသားများသည် လည်းကောင်း၊ နိုင်ငံရေးပါတီများသည် လည်းကောင်း အခြေခံ ဥပဒေ ပြင်ဆင်ရမည်၊ ဖက်ဒရယ်ပြည်ထောင်စုသို့ သွားရမည်ဟူသော Common Ground တွင် ရပ်နေကြပြီ ဖြစ်ရာ အစွန်းနှစ်ပါးရှောင် ညီညွတ်ရေးကို ဆောင်နိုင်ရန်သာ လိုအပ်တော့သည့် အခြေအနေဖြစ်သည်။ ဒီဘိတ်ချင်းတော့ မတူ၊ သို့သော် အစွန်းကို ကြည့်ရမည့် သဘောဖြစ်နေသည်။

မြန်မာ့နွေဦးသည် ရောင်းကုန်မဟုတ်

နိုင်ငံတကာမှ ကျွမ်းကျင်သူရာ ဖြတ်များကလည်း တန်ဖိုးအမျိုးမျိုး ဖြတ်ကြသည်လည်း ရှိသည်။ အချို့က “နိုင်ငံရေး ပွင့်လင်းစ” ဟုဆို၊ အချို့က “ဒီမိုကရေစီ ကူးပြောင်းရေး လမ်းခုလပ်” ဟု ပြော၊ အချို့က “ဒီမိုကရေစီ တံခါးဖွင့်စ” ဟု မြင်ကြသည်။ မြန်မာ့နွေဦးကို ဈေးဖြတ်ကြရာ၌ “နှိုင်းရတန်ဖိုး” နှင့် “ပကတိတန်ဖိုး” ဟူ၍ ကွဲပြားနေသည်။ အင်ဒိုနီးရှား၊ ထိုင်း၊ တောင်ကိုရီးယား၊ အမေရိကန် စသည်တို့နှင့် နှိုင်းယှဉ်၍ ဈေးဖြတ်သော ရာဖြတ်ကမူ မြန်မာ့နွေဦးသည် တစ်ရာပဲ တန်ချင် တန်ပေလိမ့်မည်။ အာရပ်နွေဦးနှင့် နှိုင်းယှဉ်၍ ဈေးဖြတ်သော ရာဖြတ်အတွက်မူ မြန်မာ့နွေဦးသည် တစ်ရာမက တန်ချင် တန်နေပေလိမ့်မည်။ ဤတွင် ရာဖြတ်တို့၏ လက်ဝယ်ရှိစံနှုန်း၊ ပေတန်၊ ချိန်ခွင်က အဓိက ကျနေကြောင်း တွေ့ရှိနိုင်သည်။

မြန်မာ့နိုင်ငံရေးကို ကိုင်၍ လှုပ်နိုင် ယမ်းနိုင်သော Player များမှာ လက်ချိုး၍ ရေနိုင်ပါ၏။ ရယ်ဒီကယ် ထောင်ချောက်ကိုလည်း ခုန်ပျံကျော်လွှား နိုင်ခဲ့ကြသူများလည်း ဖြစ်ကြပါ၏။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ စားပွဲဝိုင်း တော်လှန်ရေးကို ပြန်လည် ဖန်ဆင်း နိုင်ခဲ့ကြသူများလည်း ဖြစ်နေ ကြပါ၏။ ရှေ့သို့ ဆက်ရမည့် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့သည် လာခြင်းကောင်းသော သက္ကရာဇ်များ ဟုတ်-မဟုတ်ကို ယင်းနိုင်ငံရေး ခေါင်းဆောင်တို့၏ ရာဖြတ်တန်ဖိုးက အဆုံးအဖြတ် ပေးသွားမည်သာ ဖြစ်သည်။ သို့သော် မည်သည့် ပေတံ၊ မည်သည့် စံနှုန်း၊ မည်သည့် ချိန်ခွင်များကို အသုံးပြု၍ တန်ဖိုးဖြတ်ကြသည် သန်း ၆၀ သည် ရောင်းကုန် မဟုတ်ကြောင်း သတိပြုကြစေလိုသည်။ သန်း ၆၀ ၏ မျှော်လင့်ချက်သည် မြန်မာ့နွေဦး၌ အမြုတေ တည်နေသည်ကို သိရှိထားမှာသာ အရောင်း-အဝယ် သဘောဆန်သော တန်ဖိုးဖြတ် ဆုံးဖြတ်ချက်များကို ရှောင်ရှားနိုင်မည် ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါသည်။

By; မှူးဇော်
Source; The Voice