လူအများ၏ နှစ်သက်သဘောကျမှုကို ရရှိခဲ့ပြီး ဒီဇိုင်းပုံစံ ပြောင်မြောက်လှသည့် စမတ်ဖုန်းအဖြစ် ယမန်နှစ်က အောင်လံလွှင့်ထူခဲ့သည် HTC One ၏ အရိုက်အရာအား ဆက်ခံမည့် စမတ်ဖုန်းတစ်လုံးအား HTC မှ ယမန်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။
HTC One M8 ဟု ထူးခြားစွာ အမည်ပေးထားသည့် ဤစမတ်ဖုန်းမှာ မူရင်း One ထက် အရွယ်အစားအားဖြင့် အနည်းငယ် ပိုမိုကြီးမားလာပြီး ပိုမိုဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားကာ နောက်ကျောပြင်တွင်လည်း ထူးခြားစွာပင် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ အထူးသဖြင့် ဖုန်း၏ brushed gunmetal gray သတ္တုကိုယ်ထည်သည် အဆင့်မြင့်မားလှပါသည်။ ပါးလွှာသည့် ကိုယ်ထည်နဲ့ ကျစ်လစ်ချောမွေ့ပြီး ကိုင်တွယ်အသုံးပြုရ လွယ်ကူတဲ့ ပုံစံဒီဇိုင်းပါပဲ။
One M8 ၏ မျက်နှာပြင်သည် One ထက် အနည်းငယ် (၀.၃ လက်မ) ပိုမိုကျယ်ပြန့်ပြီး အလေးချိန်အားဖြင့်လည်း အနည်းငယ် ပိုမိုသော်လည်း အသုံးပြုရာတွင်တော့ သိသာသည့် ကွဲပြားမှုမျိုးကိုတော့ ခံစားရမည် မဟုတ်ပေ။ ၅ လက်မအရွယ် မျက်နှာပြင်ကြောင့် One M8 ၏ ကိုယ်ထည်မှ မသိမသာ ကြီးမားလာခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ထုတ်ဖော်ပြသသွားသည့် Samsung ၏ Galaxy S5 စမတ်ဖုန်းကဲ့သို့ပင် HTC One M8 သည်လည်း နောက်ဆုံးပေါ် 2.3 GHz quad-core Snapdragon ပရောဆက်ဆာအား အသုံးပြုထားပြီး မှတ်ဥာဏ် (RAM) ပမာဏမှာ 2GB ရှိသဖြင့် ထိပ်တန်းစမတ်ဖုန်း တစ်လုံးအဖြစ် အချိန်အတန်ကြာ ရပ်တည်သွားရန် ဖန်တီးထားကို တွေ့ရမည်ဖြစ်သည်။ M8 တွင် ဘက်ထရီ အသုံးပြုမှု နည်းပါးသည့် အထိအတွေ့၊ အလင်းနှင့် အရှိန်အဟုန် စသည်တို့ကို အာရုံခံပေးမည့် ကိရိယာများ တပ်ဆင်ပေးထားသည်။
ကင်မရာပိုင်းတွင်မူ HTC One တွင် ပါဝင်သည့် UltraPixel နည်းပညာသုံး 4 MP ကင်မရာအား ပြန်လည်ထည့်သွင်း ပေးထားသည်ကို တွေ့ရှိခဲ့ရသည်။ သို့ရာတွင် ထူးခြားသည်မှာ အဆိုပါ UltraPixel ကင်မရာအပြင် ဖုန်းနောက်ကျောပြင်၌ ဒုတိယ ကင်မရာ (depth camera) တစ်လုံးအား တပ်ဆင်ပေးထားပြီး ယင်းကင်မရာမှ မိမိရိုက်ကူးလိုသည့် ရုပ်ပုံများ၏ အကွာအဝေးကို ပိုမိုတိကျစွာ တွက်ချက်ပေးမည် ဖြစ်သည်။
HTC ၏ အဆိုအရ M8 ၏ ဒုတိယကင်မရာ အနေဖြင့် သုံးစွဲသူများအား ရိုက်ကူးလိုသည့် ဓာတ်ပုံများတွင် မိမိအလိုရှိသလို focus လုပ်နိုင်မည် တစ်နည်းအားဖြင့် အလိုရှိရာနေရာကို မှုန်ဝါးစေခြင်း၊ special effect များကို အလိုရှိရာ နေရာတွင် ထည့်သွင်းရန် ရွေးချယ်ပေးခြင်း တို့ကို အဓိက ဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့အပြင် iPhone 5S ကဲ့သို့ အရောင် ၂ မျိုးပါ LED Flash ကိုလည်း ကင်မရာ ၂ လုံးနှင့်အတူ တပ်ဆင်ပေးထားပြီး ဖုန်းရှေ့ခြမ်း ကင်မရာကိုလည်း 5MP သို့ အဆင့်မြှင့်တင် ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ စပီကာယူနစ် များကိုလည်း အဆင့်မြှင့်တင် ပေးထားပြီး ပိုမိုကျယ်လောင်ပြီး Bass မြင့်လာသလို ပိုမိုကြည်လင်ပြတ်သားသည့် အသံများကို နားဆင်နိုင်မည် ဖြစ်သည်။ သတင်းနှင့် လူမှုကွန်ယက် အချက်အလက်များကို ပင်မမျက်နှာစာပေါ်မှာ အဓိကထား ဖော်ပြပေးတဲ့ HTC ၏ မူပိုင် Sense UI ကိုလည်း Version 6 သို့ အဆင့်မြှင့်တင် ပေးထားပါတယ်။
ခြုံငုံပြီး ကြည့်ရမယ်ဆိုရင်တော့ မျိုးဆက်သစ် HTC One M8 ရဲ့ အဓိက အားသာချက်ဟာ ယင်းရဲ့ ပြောင်မြောက်လှတဲ့ ပုံစံဒီဇိုင်းပဲ ဖြစ်ပါတယ်။ အနုပညာမြောက်လှတဲ့ HTC One ထက်တောင် ပုံစံဒီဇိုင်းပိုင်းမှာ ပိုမို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် HTC က ဖန်တီးနိုင်ခဲ့ပါတယ်။ ဆွဲဆောင်မှုရှိခြင်း၊ မာကျောကျစ်လစ်ခြင်း၊ ကိုင်တွယ်အသုံးပြုရ သက်တောင့်သက်သာရှိခြင်းနဲ့ လုံးဝန်းတဲ့ ထောင့်တွေပါဝင်ခြင်းတို့ဟာ M8 ဒီဇိုင်းရဲ့ အကောင်းမွန်ဆုံး အရာတွေပဲ ဖြစ်ပါတယ်။
HTC One M8 ကို လာမယ့် သတင်းပတ်တွေမှာ စတင်ရောင်းချ ပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ဝယ်ယူချင်တယ် ဆိုရင်တော့ Google Play Store ပေါ်မှာ HTC One M8 Google Play Edition ကို ဒေါ်လာ ၆၉၉ နဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

By; AMK (MCG)