"စစ်အစိုးရကြောင့်
ခရိုနီတွေနဲ့ အပေါင်းအပါတွေရဲ့ အကျင့်ပျက်ချစားမှု(corruption) တွေကြောင့်
(ဗမာ)မဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ ဆူပူမှုတွေရှိနေလို့
လက်နက်ကိုင်သောင်းကျန်းနေမှုတွေကြောင့်
....ဖြစ်နေလို့.......ရှိနေလို့.......သောကြောင့်......"ပါတဲ့
"မြန်မာနိုင် မငြိမ်းချမ်းနိုင်သေးတာ။ ငြိမ်းချမ်းရေးမရနိုင်တာ........ ဘာကြောင့်လဲ"လို့မေးလိုက်တိုင်း ဗမာတွေပြောနေကြစကားပါ။ ဗမာမှမဟုတ် အခြားဗမာမဟုတ်တဲ့ တိုင်းရင်းသား(non-Burmese native resident) တွေ။ ဗမာလိုလားသူ (သို့) ဗူးနဲ့ ဖရုံမှန်း သဲသဲကွဲကွဲမသိရှာတဲ့ လူရိုးသားတွေရဲ့ စမ်းတဝါးဝါးနဲ့ ကိုင်မရ ဆုပ်မရ ဆင်ခြင်တွေးတောမှုအားနည်းသူတွေရဲ့ တအားကြိတ်မှိတ်ပြီးကျက်မှတ်ထားတဲ့ "အာဂုဏ်ဆောင်" တွေပါ။

ဟုတ်တာတော့ ဟုတ်ပါတယ်။ မြန်မာနိုင်ငံကြီး မငြိမ်းချမ်းနိုင်သေးတာဟာ အစိုးရလုပ်နေသူတွေရဲ့ စီမံခန့်ခွဲမှု။ အချိန်အစ အတိုင်းအထွာ ဆင်ခြင်မျော်မြင်နိုင်မှု စဉ်းစားတွေးခေါ်မှုအားနည်း ညံ့ဖျင်းတာကြောင့်ဖြစ်ပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား(non-Burmese native resident) တွေရဲ့ လက်နက်ကိုင် သူပုန်ထမှုတွေကြောင့် ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် ခက်နေတာက ပြသာနာရဲ့ ဇစ်မြစ်။ အတိမ်အနက် အကျယ်အပြန့်ကို "မသိခြင်း(သို့) မသိကျိုးကျွန်ပြုနေခြင်း" ပါ။ ဖြစ်နေတာကိုပဲသိပြီး ဘာကြောင့်ဒီလိုဖြစ်လာတာလဲ ဖြစ်နေတာလဲဆိုတာကို အရင်မစဉ်းစားပဲ လတ်တလောဖြစ်နေတဲ့ update တွေကိုပဲ အငမ်းမရ ပြေးလွားကျော်ခွ ပြူးတူးပြဲသဲ လိုက်လံရှာဖွေ စုဆောင်းနေလို့။ နေတဲ့စရိုက်တွေကြောင့်ဖြစ်ပါတယ်။

တကယ်တော့ ပြည်ထောင်စုမြန်မာနိုင်ငံ အခုထိငြိမ်းချမ်းရေး မရသေးတာက အပေါ်ကိုထောင်တက် ထိုးထွက်နေတဲ့ အပင်(ဝါ) လက်ရှိအနေအထားကိုသာမြင်ပြီး အောက်မှာမြုပ်နေတဲ့ ငုတ်နေတဲ့ အမြစ်(ဝါ) ပြဿနာရဲ့ ဇစ်မြစ်ကို  မသိခြင်း။ (လုံးဝ)မသိခြင်း။ နားမလည်ခြင်း။ (လုံးဝ)နားမလည်ခြင်း။ အပေါ်ယံ ရှပ်ထိသာ သိခြင်း(သို့) နားလည်သိမြင်ထားခြင်းကြောင့်ပါ။
လိုတိုရှင်း ပြောရမယ်ဆိုရင် "မသိခြင်း(သို့) မသိကျိုးကျွန်ပြုနေခြင်း" ပါ။

မတူကွဲပြားတဲ့ သီးခြားလူမျိုးစုတွေရဲ့ သီးခြားနယ်မြေ(သို့) ပြည်ထောင်တွေကို ပင်လုံစာချုပ်ချုပ်ဆိုပြီးမှ ယနေ့ မြင်တွေ့နေရတဲ့ ပြည်ထောင်စုကြီး ဖြစ်လာတာကို ဗမာ တွေရေးထားတဲ့ သမိုင်းစာအုပ်တွေမှာပါတဲ့ ဗထမဗမာအင်ပါယာ ဒုတိယဗမာအင်ပါယာ တတိယဗမာအင်ပါယာက လာတယ်လို့မြင်တယ်။
နဂိုမူလက သီးခြားလူမျိုးစုတွေပိုင်တဲ့ သီးခြားနယ်မြေတွေကို ဥပဒေအားဖြင့် အပြန်အလှန်အမှီသဟဲပြု ချိတ်ဆက်တည်ဆောက်ထားလို့ ပြည်ထောင်စု(United State/ Union) လို့ပြောတာကို လူကြားကောင်းအောင်တမင်အတွန့်တက် နာမည်တပ် မည့်ခေါ်ထားတယ် လို့ထင်ကြတယ်။ မြင်ကြတယ်။ ဒီလိုသဘောမျိုးတွေနဲ့  ပြောဆိုနေကြလို့ပဲ ကြီးပါပေ့ ဆိုသူတွေနဲ့ အင်တာဗျူးရင် သတိလက်လွတ်နဲ့ ဗမာပြည် ဆိုတာမျိုးထွက်လာရတာပါ။

ဒီလို ဥပဒေအရ အပြန်အလှန်အမှီသဟဲပြု ချိတ်ဆက်တည်ဆောက်ထားတဲ့ ပြည်ထောင်စု  နယ်မြေ ဖွဲ့စည်းတည်ဆောက်ပုံ(Structure Of United State)ကလာတဲ့ ဖြစ်ပေါ်လာတဲ့ ယနေ့တွေ့မြင်နေရတဲ့ ပြည်နယ်(State/ not Province) တွေကိုဗမာတွေက သူတို့ စာအုပ်ထဲက ဧကရာဇ်ဘုရင်တွေ သူတို့ဘိုးဘွားတွေပိုင်တဲ့ ဗမာဘိုးဘွားတို့အမွေ(သို့) မြေထဲကို အခြား ဗမာမဟုတ်တဲ့ တိုင်းရင်းသား(non-Burmese native resident)တွေနေစရာမရှိလို့ သနားလို့ စေသနာနဲ့ခွဲပေးထားတယ် ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုကြပါတယ်။ ထင်ကြပါတယ်။ ပြည်နယ်(State)လို့တပ်ထားတာကို လူကြားကောင်းအောင်တမင်အတွန့်တက်ထားတယ် ဆိုတဲ့သဘောနဲ့ပြောဆိုနေကြတယ်။ Stateရဲ့ ဖြစ်ပေါ်လာပုံ State လို့သတ်မှတ်ရတဲ့ အကြောင်းအရင်း သဘောသဘာဝ အဓိပါယ် လုပ်ပိုင်ခွင့် အာဏာ ဘာကြောင့် State လို့ခေါ်ရတာလဲ ဆိုတာလည်းနားမလည်ပဲ ဗမာမဟုတ်တဲ့ တိုင်းရင်းသား(non-Burmese native resident)တွေကပဲ ဗမာတွေပိုင်တဲ့နယ်မြေတွေမှာ တစ်ဖက်နိုင်ငံက စည်းမရှိ တရားဥပဒေမရှိဘဲ ခိုးဝင် ဝင်ရောက်အခြေချလာပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေတောင်းနေရသလား။ အပြုတ်တိုက် အပျောက်ရှင်းဆိုပြီး ပြောချင်ရာပြော။ 

တကယ်တော့ ပြည်နယ်(State) ဆိုတာက ပေးချင်တိုင်း ပေး နာမည်တပ်ချင်တိုင်းတပ်ထားတာမဟုတ်ပါ။ နဂိုမူလက သီးခြားနေမြေ သီးခြားလူမျိုး(သို့) လူမျိုးစုတွေ ပိုင်ဆိုင်တဲ့မြေ/ ပြည်ထောင်(State) တွေကို စုစီးပြီးပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်ရပ်တည် တည်ထောင်လာတဲ့အခါ မူလကသီးခြားနယ်မြေတွေကို အသိအမှတ်ပြုတဲ့သဘောပါ။ မှတ်သားထားတဲ့သဘောပါ။
ဒါကြောင့် ပြည်ထောင်စု(United State) တွေဖွဲ့စည်းတဲ့အခါမှာ အဲဒီပြည်နယ်(State)ရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး( လမ်း တံတား ပညာရေး ကျန်းမာရေး အခွန်ကောက်ခံမှု ဥပဒေပြုရေး....) စတာတွေကို အဲဒီဒေသ အဲဒီပြည်ထောင်/ပြည်နယ်ကိုပိုင်တဲ့ နယ်မြေဒေသခံ လူမျိုးစု (residential tribes) တွေကစီမံခန့်ခွဲရတာပါ။ ပြည်နယ်(State) ဆိုတာ အရှင်းဆုံးပြောရမယ်ဆိုရင် ကိုယ်ပိုင်လွတ်လပ်ရေးမကြေညာသေးတဲ့ သီသန့်နိုင်ငံတွေပါ။ ဒါကြောင့် ပြည်နယ်တစ်ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီမံခန့်ခွဲမှုတွေကို အဲဒီပြည်နယ်ကိုပိုင်တဲ့ လူမျိုးစုတွေက ကိုင်တွယ်ရတာပါ။ ပြည်ထောင်တွေစုပြီး ပြည်ထောင်စုလုပ်လိုက်တယ် ပြည်ထောင်စုတစ်ခု(United State) တစ်ခုအဖြစ်ရပ်တည်တယ်ဆိုတာက မိမိတို့ပိုင်ဆိုင်တဲ့ ပြည်ထောင်တွေကို တခြားအင်အားကြီးတဲ့ လူမျိုးခြားတွေအတွက် စတေးခံတာမဟုတ်ပါ။ တကယ်တော့ပြည်ထောင်စု ဆိုတာ  နယ်မြေအကျယ်အဝန်းအားဖြင့် ပညာရေချိန်အားဖြင့် techဘက်ကဖြစ်ဖြစ် နယ်မြေကာကွယ်နိုင်မှု ပထဝီအနေအထားအားဖြင့် အင်အားနည်းတဲ့ ချို့တဲ့တဲ့ အတွက်ကြောင့်  အင်အားကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ်ရပ်တည်လိုသည့်အတွက် ဥပဒေအားဖြင့် အပြန်အလှန်အမှီသဟဲပြု ချိတ်ဆက်ထားခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုတစ်ခုမှာ တိကျသေချာ လူမျိုးစုအားလုံးနဲ့အကျုံးဝင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ရှိရတာပါ။ဒါကြောင့်
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ရမယ်(သို့) အသစ်တစ်ခုပြန်လည်ရေးဆွဲရပါမယ်လို့ ပြောနေရတာပါ။
ပြည်ထောင်စုတစ်ခု(United State)တစ်ခုမှာ လူမျိုးစုအားလုံးနဲ့အကျုံးဝင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အဓိကရေသောက်မြစ်ပါ။ 

လူမျိုးစုအားလုံးနဲ့အကျုံးဝင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ မရှိရင်တော့ အဲဒီပြည်ထောင်စုဟာ ပြိုလဲသွားဖို့ပဲရှိပါတယ်။
ဒါတွေ ဒါတွေနားမလည်တော့ အိမ်ရှင်ကပဲ သူခိုးသူမျှ ဖြစ်လို့ဖြစ်။ ဒီလိုသေချာမလေ့လာ နားမလည်တော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား(non-Burmese native resident)တွေကပဲ ဗမာတွေပိုင်တဲ့နယ်မြေတွေမှာနေပြီး ဗမာတွေရဲ့မြေတွေကိုလုယူ ဗမာတွေကိုတမင်ရှာကြံဒုက္ခ ပေးနေသလိုလို သောင်းကျန်းသူ။ အစွန်းရောက်သူ။ လူရမ်းကားအုပ်စုလိုလို ပြောလို့ပြောကြ။
ဒီလိုကိုယ့်ကိုယ်ကို "ဘာ" ဆိုတာမသိလို့ နားမလည်သေးလို့ ပြည်ထောင်စုမြန်မာနိုင်ငံကြီးရဲ့ ငြိမ်းချမ်းရေးက ရွှေပြည်တော်မျော်တိုင်းဝေး ဖြစ်နေရတာပါ။