ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ် အရပ်သားတစ်ဦးသေ

Published on: February 3, 2014
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်နှင့် နန်ကောက်ကျေးရွာ ၀န်းကျင်တွင် ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းအထိ အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗန်းမော်ခရိုင်အစိုးရ အရာရှိတစ်ဦးက “တိုက်ပွဲဖြစ်ရတာကတော့ သစ်ခိုးထုတ်တဲ့နေရာကို ရှင်းလင်းရင်းဖြစ်တာလို့ သိရပါတယ်။ တရားမ၀င် သစ်ခုတ်သူများလို့ ယူဆရတဲ့ လူ ၁၀ ဦး၊ သစ်ကား ၂၁ စီး၊ တန် ၂၀ ခန့်ကို ဖမ်းမိထားတယ်လို့ သိရပါတယ်။ မံသာက ကားသမားတစ်ဦးက မဘိန်းဆေးရုံမှာ ဆုံးတာပါ။ ယနေ့ကတော့ ဘာသတင်းမှ မကြားရသေးဘူး” ဟုပြောကြားသည်။

လွန်ခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလလယ်ပိုင်းက တပ်မတော်မှ သိမ်းဆည်းရမိသည့် တန်ထောင်ချီရှိနိုင်သည် သစ်ပုံများမှလည်း အစောင့်များနှင့် သစ်မှောင်ခိုလုပ်သူတို့ အပေးအယူလုပ်မှုများ ရှိခဲ့ကြောင်း သိရသည်။ ယခုအခါ နန်းဟိုင်သစ်ပုံရှိ သစ်တန်ချိန်မှာ ၉၂၈ တန်သာ တိုင်းတာရရှိကြောင်း သစ်တောစာရင်း၏ ဖြေကြားချက်အရ သိရသည်။ ယင်းမှောင်ခိုသစ်ပုံကြီးကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းက သစ်တောဌာနမှ သွားတိုင်းယူခဲ့ရာ သစ်ပုံကြီး၏ အနည်းငယ်သာ တိုင်းနိုင်ခဲ့ပြီး ၄၀၁ ဒသမ ၅၉၅ တန်အထိ ရှိခဲ့သည်။

ယင်းကဲ့သို့ အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာကာ အစိုးတပ်မှ တပ်အင်အား ဆက်တိုက်တိုးချဲ့နေမှုများ ရှိနေပြီး တိုက်ပွဲများ နောက်ထပ်ဖြစ်လာနိုင်သဖြင့် ကျေးရွာအချို့မှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း ကောင်လွင်ကျေးရွာမှ ဒေသခံတစ်ဦးက “အရင် တပ်မတော်ရွာထဲမှာ ရှိတယ်။ အခုက ကေအိုင်အေက ရွာထဲမှာ ပြန်ထိုင်ထားပြန်ပြီ” ဟု ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကေအိုင်အို နည်းပညာအကြံပေး အဖွဲ့ရုံးမှ ဦးဒေါင်ခါးက “အသေးစိတ်တော့ မသိရဘူး၊၊ အစိုးရကသစ်ကို အကြောင်းပြပေမယ့် ဒီသစ်တွေဟာ ကေအိုင်အေမရှိတဲ့ စစ်ကိုင်းနဲ့
ရှမ်းမြောက်မှာ လွတ်လွတ်ကင်း ပိတ်ပင်လို့ရပါတယ်။ ၀န်ကြီးဦးအောင်မင်းက ဆွေးနွေးတဲ့အခါတိုင်း ကြိုးစားတဲ့အခါတိုင်း တိုက်ပွဲတွေဖြစ်နေတာကတော့ စဉ်းစားစရာဖြစ်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲက တစ်မျိုး၊ အောက်ခြေစစ်ရေးအခြေအနေက တစ်မျိုးဖြစ်နေတယ်။ ဦးအောင်မင်းရဲ့ လုပ်ဆောင်မှုတွေအပေါ် တာဝန်ရှိသူတွေက လိုက်လျောနိုင်မှု နည်းနေတာကိုတော့ တွေ့နေရတယ်” ဟု ပြောကြားသည်။

By; Atsam@kachinland
Source; Eleven Media