ကမ္ဘာ့အပါးလွှာဆုံး ဖုန်း ဖြစ်လာနိုင်သည့် iPhone 6

Apple ကုမ္ပဏီ မှ တရားဝင် သတင်းထုတ်ဖော် မကြေငြာသေးသော်လည်း အလွန်ပါးလွှာသည့် iPad Air Tablet ကို ထုတ်လုပ်ခဲ့ပြီးသည့် နောက်တွင် အနာဂတ် အိုင်ဖုန်း များ၏ ကိုယ်ထည်များသည်လည်း အလွန် ပါးလွှာသော ကိုယ်ထည်များ ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုပါသည်။
ထို့အတွက် ယခု နောက်ဆုံး ထုတ်လုပ်မည့် iPhone 6 သည် iPhone မျိုးဆက်များထဲတွင် အပါးလွှာဆုံး ဖြစ်လာဖွယ် ရှိနေသည် ဟု ဒေးလီးမေးလ် သတင်းစာ မှ ခန့်မှန်းပြောကြားထားပါသည်။ အတည်ပြုချက် မရသေးသော သတင်းများအရ iPhone 6 ၏ ဒီဇိုင်း ပုံ ဟု ယူဆရသည့် ဓာတ်ပုံတစ်ခု
အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဓါတ်ပုံအရ ဖုန်း၏ ကိုယ်ထည်သည် သုံး မီလီမီတာ မျှသာ ထူထဲကြောင်း တွေ့ရှိခဲ့ရသဖြင့် ကမ္ဘာကျော် Apple ကုမ္ပဏီ အနေဖြင့် iPhone ၏ လာမည့် မျိုးဆက်အသစ် ကို ထုတ်လုပ်
ရောင်းချရာတွင် ကိုယ်ထည် ပါးလွှာပေါ့ပါးမှုကို အသားပေး တည်ဆောက်လာနိုင်ဖွယ်ရာ ရှိနေကြောင်း နည်းပညာ ဘလော့များနှင့် ၀က်ဘ်ဆိုဒ် များက ဆိုခဲ့ကြကြောင်း သိရှိရပါသည်။ Mashable နှင့် Techblog ကဲ့သို့ အချို့သော နည်းပညာ စာမျက်နှာများအရ မူ မျိုးဆက်သစ် အိုင်ဖုန်းသည် iPhone 6 ဟု အကြမ်းဖျင်း ခေါ်ဆိုနေကြသော်လည်း iPhone Air ဟူသော အမည်ဖြင့် ထွက်ပေါ်လာပါက ထူးဆန်းဖွယ်ရာ မရှိကြောင်း ရေးသားခဲ့ကြသည်။
လက်ရှိ ကမ္ဘာပေါ်တွင် ကိုယ်ထည်အပါးလွှာဆုံးဖုန်းမှာ Vivo X3 ဖြစ်ပြီး (၅.၇၅) မီလီမီတာ မျှသာ ရှိသည်။ ထုတ်လုပ်ပြီးသွားခဲ့ပြီဖြစ်သော iPhone 5S သည် မျိုးဆက်အိုင်ဖုန်းများတွင် ပါးလွှာမှု စံချိန်တင်ခဲ့ပြီး (၇.၆) မီလီမီတာ ထူထဲပြီး iPad Air က (၇.၅) မီလီမီတာ အထူရှိကြောင်း သိရသည်။

By; (ဇေယျာစံ)
Ref; DailyMail
Credit to; မောင်ပေါက်