ဗိုလ်ချုပ်အောင်ဆန်း
BURMA 'S CHALLANGE, 1946, Translated by -Mya Sein
စာမျက်နှာ ၁၀မျက်နှာရှိ မိန့်ခွန်း မှ ဗိုလ်ချုပ်၏ အမျိုးသာရေးဆိုင်ရာ အကြောင်းများသာ ထုပ်နှုတ် တင်ပြပါမည်။
*************************************

အင်္ဂလိပ် ဗမာ-ကပြား များသို့ (ဗိုလ်ချုပ်အောင်ဆန်း )
==========================
(၁၉၄၆-ခုနှစ်၊ ဒီဇင်ဘာလ-၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမတွင် ကျင်းပသော အင်္ဂလိုဘားမင်း (အင်္ဂလိပ်-ဗမာ ကပြား) ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်း)

ကျွန်တော်သည် လူမျိုးစုံဝါဒသမားတစ်ယောက် ဖြစ်ပါသည်။ သို့သော် အောက်ခြေလွတ် ခံနိုင်လောက်အောင် ကိုယ့်ကိုယ်ကို တဦးတည်းပိုင်သော လူမျိုးစုံ ၀ါဒသမားတယောက်ကား မဟုတ်ပါ။

ကျွန်တော်သည် အမျိုးသားရေး စစ်စစ်၏ ကောင်းကျိုးရော ဆိုးကျိုးပါ အသိအမှတ်ပြုသူတဦးဖြစ်ပါသည်။ ကျွန်တော်သည် အမျိုးသားရေးဝါဒ ၏ ကောင်းကျိုးကို ချစ်မြတ်နိုးပြီး ၎င်း၏ဆိုးကျိုးများကြောင့် လည်း အခြားဘာကိုမျှ မမြင်နိုင်သော မျက်ကန်းသဖွယ်ဖြစ်သွားမည့်သူမဟုတ်။ သို့သော် တိုင်းပြည်တပြည်မှ လူများစုကြီး မှာ ထိုဆိုးကျိုးများကို ကျော်လွှားသွား၇န် လွယ်ကူမည်မဟုတ်သည်ကို သိပါသည်။

အမျိုးသားရေး ၀ါဒသည် ကိုယ့်လူမျိုး နှင့် အခြားလူမျိုးများအား ချစ်မြတ်နိုးရေးကို အားပေးသမျှ ၊တနည်းအားဖြင့် အခြားလူမျိုးများအား မုန်းတီးစိတ်မထားရန် အားပေးသမျှ ကျွန်တော်သည် လုံးဝ အမျိုးသားရေး ၀ါဒသမားတစ်ယောက်ဖြစ်ပါသည်။

အမျိုးသားရေးဝါဒသည် ကျွန်တော်တို့ အား အမျိုးသားရေး တရားမျှတမှု ၊ လူမှုရေး တရားမျှတမှု တို့ကို သက်ဝင်ယုံကြည်စေလျက် ပြည်တွင်းမှာဖြစ်စေ ၊ ကမ္ဘာမှာဖြစ်စေ ၊ ဖိနှိပ်ချုပ်ချယ်သည် ဆိုသော စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရန် တောင်းဆိုနေသမျှ ၊ ကျွန်တော်သည် လုံးဝ အမျိုးသားရေးဝါဒ သမားဖြစ်ပါသည်။

ကျွန်တော်သည် နယ်ချဲ့စနစ်ဆိုလျှင် ဗြိတိသျှနယ်ချဲ့စနစ်ကိုဖြစ်စေ ၊ ဂျပန်နယ်ချဲ့စနစ်ကိုဖြစ်စေ ၊ ဗမာနယ်ချဲ့ စနစ်ကို ဖြစ်စေ မုန်းတီးပါသည်။

ယနေ့အဖို့ ကမ္ဘာတ၀ှန်းလုံးတွင် အမျိုးသားဆိုသည့် စကားလုံး၏အဓိပ္ပာယ်ကို ကျဉ်းမြောင်းသည့် လူမျိုး၊ဘာသာ အစရှိသည့် ဘောင်နှင့်ခတ်ထား၍ မရတော့ပါ။

အမျိုးသားတို့သည် ၎င်းတို့အခွင့်အရေးများကိုတိုးချဲ့နေကြလျက် သူတို့နှင့် အတူ နေရုံမျှသာနေကြသည့် အခြားသူများကိုပါ ပါဝင်စေလျှက် ရှိနေလေပြီ။

မိတ်ဆွေတို့သည် ဒီတိုင်းပြည်၏ အမျိုးသားများဖြစ်ကြသည် ဟု သဘောထားကြောင်းသိရ၍ ကျွန်တော်ဝမ်းသာပါသည် ။ သို့သော် မိတ်ဆွေ တို့ ကိုယ့်ကိုယ်ကို ဒီတိုင်းပြည်၏ အမျိုးသားတစ်ယောက်ဟု ယူဆလျှင် နှုတ်ဖြင့် ကြေငြာရုံနှင့် ပြီးမည်မဟုတ်သေး။ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်သည့် အမျိုးသားလုပ်ငန်းတိုင်းတွင် မိတ်ဆွေတို့ပါဝင်ရန် လိုသေးသည်။မိတ်ဆွေ တို့ကို ပွင့်ပွင့်လင်းလင်း ပြောပါရစေ။

ကမ္ဘာကြီးသည်လည်း တခဲနက်ပြောင်းလဲနေပါသည်။ အခြေအနေများပြောင်းလဲနေသည့်အခါ မိတ်ဆွေတို့သည်လည်း အမြင်သစ် အသိဥာဏ်သစ်ဖြင့် နိုးကြားတက်ကြွလာကြရန်မှာ မှန်ကန်သော သဘောပင်ဖြစ်ပါသည်။လွတ်လပ်သော ဗာမာပြည်တွင် အသုံးမချရသေးသည့် စွမ်းအားကြီးများရှိ၍ ၊ ပြည်သူလူထုအဖို့ တိုးတက်ရာများ လည်းပြည့်နှက်လျက်ရှိပါသည်။

ကျွန်တော်တို့မှာ ကြွယ်ဝသော သယံဇာတပစ္စည်းတို့ကို အစွမ်းကုန်ဖွံ့ဖြိုးစေရပါမည်။ ဆက်သွယ်ရေးလမ်းကြောင်းမြောက်မြားစွာ တည်ဆောက်ကြရပါမည်။စက်မှုလုပ်ငန်းများလည်း များစွာ တည်ဆောက်ကြရပါမည်။ကျွန်တော်တို့ တိုင်းပြည်မှာရှိသည့် လူဦးရေထက်များပြားသော အလုပ်အကိုင်များ ရှိလာပါလိမ့်မည်။

ကျွန်တော်တို့ ပြည်ပမှ အထူးပညာတက်ကျွမ်းသူများ၊ ပါရဂူများကိုပင် ဖိတ်ခေါ်ရပါမည်။ထိုကိစ္စ အခြားကိစ္စတို့နှင့်ပတ်သက်၍ မိတ်ဆွေတို့တွင်မရှိအပ်သော စိုးရိမ်ကြောင့်ကျမှုများ ရှိနေသည်ဟု ကျွန်တော်သိရပါသည်။ မိတ်ဆွေတို့သည် တိုင်းရင်းသားများအဖြစ် အပြောနှင့်သာ မဟုတ်ပဲ အလုပ်နှင့် ပြသကြမည်ဆိုပါလျှင် မည်သည့် စိုးရိမ်ပူပန်မှုမျှရှိစရာမလိုကြောင်း ဒီနေရာမှာပဲ ကျွန်တော့် မိတ်ဆွေတို့အား ပြောကြားလိုပါသည်။
=============================
=============================
By; Atsam@kachinland
Source; လွင်သန္တာစိုး
Credit To; သုံး ရောင် ခြယ်