ဗြိတိန်ဝန်ကြီးနှင့် သံအမတ်တို့ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များ ကူညီရေးအတွက် ကွင်းဆင်းလေ့လာ
===============================

ဗိတိန်နိုင်ငံ နိုင်ငံခြားရေးရုံးအာရှရေးရာဝန်ကြီး ဟူဂိုဆွားယားနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်တို့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များကူညီရေးအတွက် မြစ်ကြီးနားမြို့သို့ ဇန်န၀ါရီ ၂၉ ရက်က ကွင်းဆင်းလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

ဗြိတိန်ဝန်ကြီးနှင့် သံအမတ်အဖွဲ့သည် မြစ်ကြီးနားမြို့သို့ နံနက်ပိုင်းက ရောက်ရှိလာပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဒုက္ခသည်စခန်းများ၊ မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကိုလိုနီခေတ်ကချင် စစ်မှုထမ်းဟောင်းများ၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့၊ ရှမ်မျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီး ဟူဂိုဆွားယားက မြောက်ပိုင်းတိုင်းမှူးနှင့် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ ကချင်ပြည်နယ်ကို လာတာကတော့ငြိမ်းချမ်းရေးနှင့်ကူညီရေးကိစ္စပါ။ မြောက်ပိုင်းတိုင်းမှူးနှင့်တွေ့တော့ ကချင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေ၊ လူသားစာနာမှု အထောက်အပံ့ကိစ္စနှင့် ငြိမ်းချမ်းရေးကိစ္စတွေပဲ ဆွေးနွေးကြတာပါ။ လူသားချင်း စာနာအထောက်အပံ့နေရာတိုင်း ရောက်ဖို့ အတွက်တော့ အများကြီးဆွေးနွေးခဲ့ပါတယ်။
ကျွန်တော်ခရီးစဉ်တစ်လျှောက်မှာ အဖွဲ့တိုင်းမှာ ဆွေးနွေးခဲ့ရတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ပါ”ဟု The Daily Eleven ၏ မေးမြန်းမှုကို ဖြေကြားသည်။

ကေအိုင်အေကိုယ်စားပြုနည်းပညာ အကြံပေးအဖွဲ့က ဦးဒေါင်ခါးက“ကျွန်တော်တို့ ငြိမ်းချမ်းရေးတိုးတက်မှုနှင့် ကချင်ဒုက္ခသည်တွေကို အများဆုံးကူညီပေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့ လာရောက်လေ့လာတယ်လို့ ပြောပါတယ်။
တိုင်းရင်းသားတွေဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်နှေးနေတာဟာ ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်နေတာကိုလည်း ဆွေးနွေးကြပါတယ်။ ဗြိတိန်ရဲ့အကူအညီက အစိုးရလက်အောက်ခံ ဒုက္ခသည်တွေသာမက လက်နက်ကိုင်နယ်မြေတွေမှာရှိတဲ့ ဒုက္ခသည်တွေကိုပါ ကူညီနေတယ်လို့သိရပါတယ်”ဟု ပြောကြားသည်။

ဗြိတိန်နိုင်ငံမှ ကချင်ပြည်နယ်သို့ ၀န်ကြီးအဆင့်လာရောက်ခြင်းသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဗြိတိန်နိုင်ငံသည် ကချင်ပြည်နယ်တွင်း နယ်မြေမအေးချမ်းမှုကြောင့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် အကူအညီအများဆုံး စံချိန်ဖြင့် ဒေါ်လာသန်း ၂၀ လှူဒါန်းထားသည်။ ၀န်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ကိုလိုနီခေတ် ကချင်စစ်မှုထမ်းဟောင်းများအား အကူအညီပေးရန် ရှိကြောင်းသိရသည်။

By; Atsam@kachinland
Credit to; Lachid Kachin